NUG နွေဦးဖွံ့ဖြိုးရေးဘဏ်မှာ ဒေါ်လာတဆယ်ကစပြီး ဘဏ်အစုရှယ်ယာဝယ်ယူနိုင်

နိုဝင်ဘာ ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဖွင့်လှစ်ထားတဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်(SDB)ရဲ့ အစုရှယ်ယာ တွေကို ပြည်သူတွေအနေနဲ့ အနည်းဆုံး အမေရိကန်ဒေါ်လာ တဆယ် (မြန်မာငွေကျပ် သုံးသောင်းခွဲဝန်းကျင်) ကစ ပြီး ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ဘဏ်တာဝန်ရှိသူတွေက ပြောပါတယ်။

“အစုရှယ်ယာဝယ်တဲ့အချိန်မှာ သတ်မှတ်ချက်က SDB အကောင့် Holder(ပိုင်ဆိုင်သူ) ဖြစ်ရမယ်၊ နောက် တခုကတော့ အကောင့်ထဲမှာ ငွေရှိရမယ်ပေါ့လေ၊ ကိုယ့်ဟာကိုယ် အကောင့်ထဲကနေ ဝယ်သွားလို့ ရပါ တယ်” လို့ ဘဏ်ပြောရေးဆိုခွင့်ရှိသူ ဦးကယ်လ်ဗင်က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါ တယ်။ 

ဒါ့အပြင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ဖြန့်ထားတဲ့ Relationship Manager(ကြီးကြပ်သူ) ၁၇၅ ဦးဆီကနေ တဆင့်လည်း အစုရှယ်ယာတွေ ဝယ်ယူနိုင်တယ်လို့ သူက ပြောပါတယ်။

နွေဦးဘဏ်ရဲ့အစုရှယ်ယာတွေကိုတော့ လာမယ့် နိုဝင်ဘာ ၁၇ ရက်ကနေ ၂၇ ရက်အထိ ဝယ်ယူဖို့ လျှောက် ထားနိုင်မှာဖြစ်ပြီး ပထမအသုတ်အနေနဲ့ ဘဏ်အစုရှယ်ယာရဲ့ တဆယ် ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ဆယ်သန်းဖိုး ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ နွေဦးဘဏ်ရဲ့ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းအထိ ပြည်သူတွေကို ရောင်းချဖို့ ရည်ရွယ်ထားပြီး ကျန်တဲ့ ၅၁ရာခိုင်နှုန်းကိုတော့NUG က ကိုင်တွယ်စီမံမှာဖြစ်တယ်လို့ ဘဏ်တာဝန်ရှိ သူတွေက ရှင်းပြပါတယ်။

“အခုကတော့ ၄၉ ရာခိုင်နှုန်းထဲက ဆယ်ရာခိုင်နှုန်း ဖဲ့ပြီးတော့ ရောင်းမှာဖြစ်ပါတယ်” လို့ ဦးကယ်လ်ဗင်က ပြောပါတယ်။

ဘဏ်မှာ အစုရှယ်ယာထည့်ဝင်ထားသူတွေရဲ့ အကျိုးအမြတ်ကို နှစ်စဥ်ခွဲဝေပေးသွားမယ်လို့လည်း သူက ပြောပါတယ်။

SDB ဘဏ်ကို အစုရှယ်ရာပေါင်း တရာ ဘီလီယံနဲ့ လည်ပတ်မှာဖြစ်ပြီး ရှယ်ယာတခုရဲ့တန်ဖိုးကို အမေရိ ကန်ဒေါ်လာ ၀.၀၀၁ ဒေါ်လာ သတ်မှတ်ထားတာကြောင့် အနည်းဆုံးသတ်မှတ်ချက်ဖြစ်တဲ့ ဒေါ်လာ တဆယ်ဖိုး ဝယ်ယူမယ်ဆိုရင် အစုရှယ်ယာပေါင်း တထောင် ပိုင်ဆိုင်ခွင့်ရမှာပါ။

NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ ကြားကာလ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်(SDB) ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်က စတင်လည်ပတ်ခဲ့ပြီး လက် ရှိမှာတော့ ဘဏ်အကောင့်ဖွင့်လှစ်အသုံးပြုသူ လေးသောင်းလေးထောင်ကျော်အထိ ရှိပြီလို့ သိရပါတယ်။

လက်ရှိရောင်းချမယ့် ဘဏ်အစုရှယ်ယာတွေကနေ ရလာတဲ့ ဘဏ္ဍာငွေတွေကိုတော့ တော်လှန်ရေးအတွက် အရေးပေါ်လိုအပ်နေတဲ့ အခန်းကဏ္ဍတွေမှာ အသုံးပြုသွားမယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ် နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

“ဘဏ်ရဲ့ ရှယ်ရာရောင်းချမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည် လိုက်ပါပြီးတော့ နိုင်သမျှ ပမာဏကို ထည့်ဝင်ရင်းနှီးမြှုပ်နှံကြပါ၊ ဒါသည် ကျွန်တော်တို့ တော်လှန်ရေးအတွက် အင်မတန်အရေး ကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်” လို့လည်း ဦးတင်ထွန်းနိုင်က ပြောပါတယ်။

နိုင်ငံခြားငွေတွေ အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်တွေဆီ ငွေကြေးစီးဝင်တာ ရပ်တန့်စေဖို့နဲ့ တော်လှန်ရေးအတွက် ဘဏ္ဍာငွေရှာဖွေတာ၊ အခွန်ကောက်ခံတာတွေ လုပ်နိုင်ဖို့ အဓိကရည်ရွယ်ပြီး နွေဦး ဖွံဖြိုးရေးဘဏ်ကို ထူထောင်တာဖြစ်တယ်လို့ NUG တာဝန်ရှိသူတွေက ပြောထားပါတယ်။