အိန္ဒိယမှာ မြေပြိုပြီး ပိတ်မိနေတဲ့ ဆောက်လုပ်ရေးလုပ်သား လေးဆယ်ကို ကယ်ထုတ်ဖို့ လှိုဏ်ခေါင်းတူးနေ

နိုဝင်ဘာ၊ ၁၄

အိန္ဒိယနိုင်ငံမှာ မြေပြိုမှုကြောင့် ပိတ်မိနေသူ ဆောက်လုပ်ရေး အလုပ်သမား ၄၀ လောက်ကို ကယ်ထုတ်ဖို့ မြေအောက် လှိုဏ်ခေါင်းရှည်တခု တူးဖော်နေကြောင်း သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက်က အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတက်ခန် ဒေသက ကားလမ်း ဥမင်တခု တည်ဆောက်ရေး လုပ်ငန်းခွင် တခုမှာ ရုတ်တရက် မြေပြိုမှုကြောင့် လုပ်သား ၄၀ လောက်​ မြေအောက်မှာ ပိတ်မိနေခဲ့တာပါ။ နောက်တနေ့မှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပိတ်မိနေသူတွေဆီ ရောက်ရှိဖို့ လှိုဏ်ခေါင်း စတင် တူးဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်သားတွေ အားလုံး အန္တရာယ် ကင်းကြောင်း၊ သူတို့အတွက် အောက်စီဂျင် ဓာတ်ငွေ့နဲ့ သောက်ရေတွေကို ကျဉ်းမြောင်းတဲ့ လမ်းကြောင်းကနေတဆင့် ချပေးထားလို့ ရခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ပရာရှန့် ကူးမားက ပြောပါတယ်။

ဆောက်လုပ်ရေး ဝန်ထမ်းတွေဟာ တောင်ထူထပ်ရာ ပြည်နယ်မှာ ရာသီမရွေး အသုံးခံတဲ့ လမ်းပိုင်းတခုမှာ ဥမင် တည်ဆောက်နေတဲ့အချိန် ရုတ်တရက် မြေပြိုမှု ကြုံခဲ့တာပါ။

ပိတ်မိနေသူ ဦးရေ အတိအကျကို အာဏာပိုင်တွေက နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ အတည်ပြုခဲ့ပြီး အတွင်းပိုင်းကို အောက်စီဂျင်ပိုက်နဲ့ ထိုးထည့်ပေးနေတာ ဖြစ်ပါတယ်။

လှိုဏ်ခေါင်းတူးနေတာ ၁၅ မီတာလောက်ထိ ခရီးပေါက်ခဲ့ပြီး ပိတ်မိနေသူတွေဆီရောက်ဖို့ အဲဒီပမာဏရဲ့ နှစ်ဆလောက် ထပ်တူးရဦးမယ်လို့လည်း ဆိုပါတယ်။

ဟိန္ဒူ ဘုရားကျောင်းတွေ၊ ဝတ်ပြုနေရာတွေ ပေါများပြီး ဘုရားဖူးတွေကြားမှာ ထင်ရှားတဲ့ ဒေသမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အကြီးစား ဆောက်လုပ်ရေး ပရောဂျက်တွေ အများအပြား အကောင်အထည် ပေါ်လာနေကြောင်း သိရပါတယ်။

 

Ref: NDTV