ချောင်းနှစ်ခွတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ တဒါဇင်ကျော်သေဆုံး၊ နှစ်ဆယ်ကျော်လက်နက်ချ

နိုဝင်ဘာ၊ ၁၃

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွရွာမှာဒီကနေ့ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၄ဦးသေဆုံးပြီး ၂၃ဦး  လက်နက်ချခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုညပိုင်းမှာထုတ် ပြန်ပါတယ်။

“သူတို့ လက်နက်ချတယ်၊ သူတို့ကို ဘာမှ မလုပ်ဖို့ တောင်းဆိုတယ်၊ ကျွန်တော်တို့လည်း တိုက်ပွဲဖော်ဆောင်နေတာ လေးရက် မြောက်တောင်ရှိနေပြီ၊သူတို့လည်းအခြေအနေအရ လုပ်နေရတာတဲ့” လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တဦးက DNAကိုပြောပါတယ်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းနဲ့ ချောင်းနှစ်ခွအတ္ထရံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနိုဝင်ဘာ ၁၀ရက်ကစလို့  လေးရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက်ဒီကနေ့နေ့လယ်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက် တိုက်ခိုက်လာပေမယ့် တပ်ဖွဲ့ဝင်တချို့လက်နက်ချခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်ကဆိုပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ တပ်မ ၂၂လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အား ငါးဆယ်လောက်နဲ့ ချောင်းနှစ်ခွဘက်ကို စစ် ကြောင်းထိုးလာတာဖြစ်ပြီး  အဲ့ဒီအထဲက ၂၃ဦး လက်နက်ချခဲ့တာလို့ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ အရာရှိတဦးအပါအဝင် ၁၄ ဦးသေဆုံးကာ နောက်ထပ်အရာရှိတဦးအပါအဝင် ငါးဦးကိုအရှင်ဖမ်းမိထားကာ ရှစ်ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ချောင်းနှစ်ခွကျေးရွာတလျှောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က နယ်မြေရှင်းလင်းတာတွေ လုပ်နေဆဲ ဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး လေကြောင်းပစ်ခတ်မှုတွေလည်း မရှိတော့ဘူးလို့ မြေပြင်သတင်းရင်း မြစ်တွေဆီကသိရပါတယ်။

ကျိုက်မရောနယ်မြေရဲစခန်းနဲ့ နီးစပ်သူတဦးကတော့ ချောင်းနှစ်ခွကျေးရွာဘက်ကို တန်ပြန်စစ်ဆင်ရေးဖော်ဆောင်ဖို့အတွက် နယ်မြေခံတပ်ရင်းတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင်တချို့ အင်အားစုစည်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ခုတောင် ဝင်တော့မလို့ လုပ်နေတာ၊ အဆက်အသွယ်ရတဲ့သူတွေရှိနေတော့လေ၊ အင်အားက တရာ ကျော်လောက်ပါတယ်၊ စစ်ဆင်ရေးက ဆက်သွယ်ရနေတဲ့သူတွေကို ခေါ်ထုတ်ဖို့ပဲ” လို့ သူက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ ချောင်းနှစ်ခွအတ္ထရံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက လေးကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ကြဖူးပြီး အခုတကြိမ်တိုက်ပွဲမှာတော့ စခန်းသိမ်းနိုင်ခဲ့တာပါ။

အရင်ကတိုက်ခိုက်မှုတွေမှာလည်း ရဲတပ်ဖွဲ့ဝင်တွေအပါအဝင်စစ်ကောင်စီလက်အောက်ခံခြောက် ဦးထက်မနည်းသေဆုံးခဲ့သလို ပူးပေါင်းတပ်ဖွဲ့တွေဆီ လက်နက်ချသူတွေလည်း ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

ဒါပေမယ့် ဒီကနေ့မှာတော့ ချောင်းနှစ်ခွနယ်မြေရဲစခန်းနဲ့ ချောင်းနှစ်ခွအတ္ထရံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အထိအခိုက်အကျအဆုံးများခဲ့သလိုနှစ်ဆယ်ကျော်အထိ လက်နက်ချခဲ့တာကြောင့် စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ စစ်ကြောင်း ထိုးလာပြီး တိုက်ပွဲထပ်မံပြင်းထန်လာမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

“တိုက်ပွဲက ထပ်ဖြစ်မှာ သေချာတယ်၊ ကလေးတွေပဲ စိုးရိမ်တယ်၊ ကျွန်မတို့က သေချင်သေပါစေ၊ ကလေးတွေတော့ မထိခိုက်ချင်ဘူး၊ ဘယ်သွားဘယ်ရှောင်ဖို့က အသိမိတ်ဆွေလည်းမရှိဘူး၊ ဘာဆက်လုပ်ရမှန်းမသိဘူး” လို့ ချောင်းနှစ်ခွ ဒေသခံ တဦးက ပြောပါတယ်။