ရခိုင်မှာ ရဲစခန်းတခုလုံး လက်နက်ချခဲ့တဲ့ရွာထဲ စစ်တပ်က လက်နက်ကြီးပစ်လို့သုံးဦးသေဆုံး

နိုဝင်ဘာ၊ ၁၃

ရခိုင့်တပ်တော် AA က စစ်ကောင်စီကို ဒီကနေ့စတင်တိုက်ခိုက်ပြီးနောက် ရဲစခန်းတခုလုံးလက်နက်ချခဲ့တဲ့ ကျောက်တော်မြို့နယ် အပေါက်၀ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်လို့ ရွာထဲက လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲပြီးရွာခံသုံးဦး သေဆုံးကာ ပြင်းထန်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ရွာသားတွေက DNAကိုပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် အပေါက်ဝရွာက သက်ကြီးအမျိုးသမီးတဦးနဲ့ တအိမ်တည်းနေ လင်မယားနှစ်ဦးသေဆုံးသွားပြီး တက္ကသိုလ်ဝင်တန်း ကျောင်းသူတဦး လက်ပြတ်ထွက်ဒဏ်ရာရထားသလို နောက်ထပ် ဒဏ်ရာရသူတွေလည်းရှိနေသေးတယ်လို့ ရွာခံ အမျိုးသမီးတဦးကပြောပါတယ်။

“ပစ်နေတာအခုထိပဲ၊ ရွာသားတွေ ပုန်းသူပုန်း၊ ပြေးသူပြေးနေကြရတယ်”လို့ အပေါက်၀ရွာသားတဦးကလည်း ပြောပါတယ်။

ရွာထဲလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူတွေနဲ့ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက် အလက်တွေကိုတော့မြေပြင်အခြေအနေရှုပ်ထွေးနေတာကြောင့် တိတိကျကျမ သိရသေးပါဘူး။

ဒီကနေ့ညနေ လေးနာရီလောက်ကစလို့ ကုလားတန်မြစ်ကြောင်းတလျောက်မောင်းနှင်လာတဲ့စစ်ရေယာဉ်နဲ့ ကန်ဇောက်အမြှောက်တပ်စခန်းတို့ကနေလက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ခဲ့တာဖြစ်ပြီး အပေါက်ဝရွာထဲကို လက်နက်ကြီးခုနစ်လုံးလောက်ကျရောက်ပေါက်ကွဲတယ်လို့ဆိုပါတယ်။

ဒီနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ အပေါက်၀နယ်မြေရဲစခန်းကို AA တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး “လက်နက်မချရင် ဝင်တိုက်မယ်”လို့ဖုန်းဆက်အသိပေးပြီးနောက်  လက်နက်ချအဖမ်းခံတာကြောင့် စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်အားလုံးကို ကားနဲ့ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက DNAကိုပြောထားပါတယ်။

အဲဒီလို လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေ လက်နက်ချဖမ်းဆီးခံပြီးနောက် အပေါက်ဝရွာတွင်းကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပါတယ်။

ကျောက်တော်အပြင် မြောက်ဦး၊ မင်းပြား၊  ရသေ့တောင်၊ မောင်တောမြို့နယ်တို့မှာလည်း စစ်ကောင်စီတပ် အထိုင်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ဘယ်ကိုပစ်လို့ ပစ်မှန်းမသိဘူး လျောက်ပစ်နေတာ၊ဗုံးခိုကျင်းထဲ ဝပ်နေရတယ်၊ဒီည အိပ်ရပါမလားတောင် မသိဘူး”လို့ မင်းပြားမြို့ခံတဦးက DNA ကို အခုည ရှစ်နာရီဝန်းကျင်မှာ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဖက်အပစ်ရပ်ထားပေမယ့် ကချင်ပြည်နယ်၊ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းတို့မှာ မဟာ မိတ်တပ်တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ ရခိုင့်တပ်တော် AA ဟာ ဒီနေ့မနက်ပိုင်းမှာ ရခိုင်ပြည် တွင်းက စစ်ကောင်စီတပ်စခန်းတွေကိုပါ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ 

အဲဒီတိုက်ပွဲတွေအတွင်း အငူမော် – မောင်တောကားလမ်းပေါ်ရှိတဲ့ ရသေ့တောင်မြို့နယ် ချိန်ခါလီ၊ ဒုံးပိုက် နယ် ခြားစောင့်ရဲစခန်းနဲ့ ကျောက်တော်မြိုု့နယ် အပေါက်၀နယ်မြေရဲစခန်းတို့ကို AA က သိမ်းပိုက်ရရှိခဲ့ပြီး မင်းပြာ းမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း တခုကို ဖြတ်တိုက်ရာမှာလည်း တပ်အရာရှိအချို့နဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ နီးစပ်သူတွေက ပြောထားကြပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲ့ဒီစခန်းသိမ်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ အတည်ပြုမထားသေးသလို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေမှာလည်း ရခိုင့်တပ်တော် AA ဟာ အပစ်ရပ်ကတိကို စတင်ချိုးဖောက်လာတာလို့ ဝေဖန်ရေးသားကြပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောကွေ့ရွာအနီးမှာလည်း စစ်ကောင်စီတပ်နဲ့ AA တို့ ဒီကနေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

အဲဒီလို ထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးနောက် မောင်တော၊ ကျောက်ဖြူ၊ ပုဏ္ဏာကျွန်းမြို့နယ်တွေထဲက စစ်ကောင် စီစခန်းတချို့ ပြန်ရုပ်သိမ်းသွားတယ်လို့ သိရပါတယ်။