လေယာဉ်ပျံပုံပြင်

နိုဝင်ဘာ၊ ၁၃
 
(လေယာဉ်ပျံပူဆာသော သားတပည့်များနှင့် ပုံပြောကောင်းသော အဘများ၏ ဖြစ်ရပ်မှန်ဇာတ်လမ်း)
 
ဒီတစ်ကြိမ်မှာတော့ ကိုရင်က ရေးရိုးရေးစဉ်ရေးနေကျ ပုံစံမဟုတ်ဘဲ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြပေးသွားလိုသည်။ အနှီဇာတ်လမ်းလေးသည် “လေယာဉ်ပျံပူဆာသော သားတပည့်များနှင့် ပုံပြော ကောင်းသော အဘများ” အကြောင်း ဖြစ်သည်။
 
ဟိုးရှေးရှေး ၂၀၂၃ ခုနှစ်တုန်းကပေါ့။ အာဏာသိမ်းခေါင်းဆောင် သတ်ချုပ်မအလ၏ လက်အောက်မှာ လက်ကိုင်တုတ်အဖြစ် လုပ်ကိုင်ပေးနေကြသူတွေထဲက ရှေ့တန်း ကတုတ်ကျင်းထဲရောက် အဘသားတပည့်ဆိုသူများနှင့် နောက်တန်း ကေတီဗွီ၊ မာဆတ်ထဲရောက်ပြီး အပျော်ကြူးနေကြသော အထက်လူကြီးအဘ ဆိုသူများအကြား အပြန်အလှန် ပြောဆိုဆက်သွယ်ခဲ့ကြသည့် အသံဖိုင်တစ်ခု ထုံးစံအတိုင်း အများပြည်သူထံ ပေါက်ကြားလာခဲ့သည်။
 
အနှီအသံဖိုင်အစတွင် အိပ်ချင်မူးတူး လေးတွဲ့တွဲ့၊ ညှောင်နာနာအသံနှင့် အဘဆိုသူ၏ စကားကို စကြားရသည်။
 
“အေး…အခုအခြေအနေ ဘယ်လိုရှိလဲ”
 
အသံက အိပ်ချင်မူးတူး ဖြစ်နေသည်လား။ မာဆတ်ခေါ် မာစွပ်ထဲ ရောက်နေသည်လား။ ကေတီဗွီခေါ် ကေတီဘိထဲ ရောက်ပြီး အရသာထူးတစ်ခုခု မှီဝဲနေသည်လား မဝေခွဲတတ်ပေမယ့် ညှောင်နာနာနှင့် နှာသံပါနှောနေခဲ့သည်ကတော့ အသေအချာပင်။ ထိုညှောင်နှာသံ အဆုံးတွင်တော့ တစ်ဖက်က ဗိုလ်ကလေးဆိုသူ၏ အသံကို ကြားရသည်။
 
“သူတို့ … သင်္ချိုင်းကုန်း ဒီဘက်အစပ်ကနေ ဝင်လုံးနေတယ် အဘ”
 
“ဟတ်လား”
 
“ဟုတ်ကဲ့ အဘ။ ရတယ်…ရတယ် အဘ။ စိတ်ချပါ အဘ။ ဘာမှမဖြစ်ပါဘူး အဘ။ လေးစားပါတယ် အဘ”
 
စခန်းကို ဝင်လုံးနေသော်လည်း ဗိုလ်လေးဆိုသူ၏အသံမှာ ယုံကြည်မှုအပြည့်ဖြင့် ဖြစ်သည်။ အစိုးရိမ်ကဲနေသော သူ့အဘအတွက် ဖြေဆေးတစ်ခွက် တိုက်ပေးလိုက်သကဲ့သို့ဖြစ်ချေသည်။ ထိုအခါ ကေတီဘိထဲမှ အဘလည်း စိတ်ချလက်ချဖြင့် နောက်သီချင်းတစ်ပုဒ်ကို ဟစ်ရန် ဘေးနားရှိ ကေတီဘိမယ်အား လက်ဟန်ပြလိုက်သည်။ သီချင်းတစ်ပုဒ်ဆိုပြီးနောက် အဘဆိုသူ ဖုန်းကို ကောက်ကိုင်ကာ စခရင်ပေါ်မှ ဂဏန်းများအား နှိပ်လိုက်သည်။
 
“ဟယ်လို…ညီလေး … ရဲမှူးလှိုင်မြင့်သိန်းပါ။ အခြေအနေ”
 
“အခြေအနေ … ပစ်နေတယ် အခု။ အခု ပစ်နေတယ်ခင်ဗျ”
 
“အေး…အေး”
 
“ဟုတ်…ဟုတ်”
 
“အင်အား … ဘယ်လောက်လောက်ရှိလဲ”
 
“အင်အားက များတယ်။ ဘယ်လောက်မှန်းကို မသိဘူး။ ကျွန်တော်တို့ ကုက္ကိုပင်အစပ်နားထိ ဝင်ပြီးလုံးနေလို့”
 
“အေး…အေး…ဂရုစိုက်၊ ဂရုစိုက်”
 
“ထူးရင် ပြန်ပြောဦးနော်”
 
“ဟုတ်ကဲ့ အဘ၊ ဟုတ်ကဲ့အဘ”
 
ဗိုလ်လေးဆိုသူ၏ အသံမှာ ဒီတစ်ကြိမ်တွင်တော့ ပထမနည်းတူ ယုံကြည်မှု အပြည့်ရှိမနေတော့။ အသံထဲတွင် တုန်ခါသံတွေ ရောယှက်ပါနေလေသည်။ အဘဆိုသူသည်လည်း “ထူးရင်ပြန်ပြောဦးနော်” ဟု စကားဆိုပြီးနောက် မိမိ၏ ရှေ့ရှိ စားပွဲပေါ်မှ ဘီယာခွက်အား ကောက်မကာ တစ်ကျိုက်မော့လိုက်၏။ ပူစပြုလာပြီဖြစ်သော ရင်သည် ဘီယာ၏အစွမ်းဖြင့် ငြိမ်းအေးခြင်းသို့ ရောက်လေသည်။ ဘီယာတစ်ခွက်ကုန်၊ သီချင်းတစ်ပုဒ်ပြီး၊ ကေတီဘိမယ် လေးနဲ့ တစ်ကြိမ်အီစီကလီလုပ်ပြီးနောက် သီချင်းဆိုရန် မိုက်အား လှမ်းယူလိုက်စဉ် ဖုန်းဝင်လာပြန်၏။
 
“မရတော့ဘူး…အဘ။ လေယာဉ်ပစ်ကူးပေးမှ ရတော့မယ်”
 
လက်ထဲမှ မိုက်ကရိုဖုန်း လွတ်ကျသွား၏။ ဗိုလ်လေး၏ အသံကြားသည့်အတွက်ကြောင့်တော့မဟုတ်။ ကေတီဘိ မယ်လေးက လျှပ်တစ်ပြက်ဆိုသလို သူ့အား ခိုးနမ်းလိုက်သောကြောင့်ဖြစ်၏။ အနမ်းတစ်ပွင့်နှင့်အတူ “ကိုကြီးက လည်းကွာ။ ဘေဘီ့ကိုပဲ အာရုံထားပါ” ဟု ညုတုတုအသံဖြင့် နားနားကပ်ကာ တီးတိုးစကားလည်းဆိုပြန်၏။ ထိုတစ်ချိန်တည်းမှာပင် နောက်တန်းကေတီဘိထဲရောက် အဘဆိုသူနောက်တစ်ယောက်ကလည်း ရှေ့တန်း ကတုတ်ကျင်းထဲမှ တပည့်တစ်ဦးထံ ဖုန်းဆက်ပြန်၏။
 
“ညီလေး…အခြေအနေ”
 
“အခြေအနေက ကျွန်တော်တို့ဆီက နှစ်ယောက်ထိထားတယ်။ အခြေအနေမကောင်းဘူး”
 
တပည့်ဆိုသူထံမှ အဖြေစကားထဲမှာ အမောဆို့နေသောအသံတို့ ရောလာခဲ့ပါပြီ။
 
“လေယာဉ်ပစ်ကူ လာမှရတော့မယ် အဘ”
 
“ဟမ်…ဟမ်…ဟမ်”
 
ကေတီဘိထဲက အဘဆိုသူ သူ့တပည့်ဆီက အလျင်စလို ပြောလာသည့် စကားများကြားပြီးနောက် ပါးစပ်ထဲရောက်နေသော ဘီယာပင် သီးသွား၏။
 
“လေယာဉ်ပစ်ကူမှ ရတော့မှာလို့”
 
ရှေ့တန်းကတုတ်ကျင်းထဲက တပည့်ဆိုသူကလည်း အလိုက်ကမ်းဆိုးမသိစွာ စကားဆိုပြန်သည်။
 
“အေး…အေး…အေး…ဟုတ်ပြီ…ဟုတ်ပြီ”
 
ထိုစကားသည် ရှေ့တန်းကတုတ်ကျင်းထဲက တပည့်ဆိုသူအားပြောခြင်းမဟုတ်။ သူ၏ရှေ့မှလာရပ်ကာ လက်ဟန် ခြေဟန်ဖြင့် စားစရာမှာရန် လာပြောနေသော ကေတီဘိမယ်လေးအား ပြန်ဖြေလိုက်သော စကားများဖြစ်၏။ ထိုသည်ကိုပင် ရှေ့တန်းကတုတ်ကျင်းထဲက တပည့်ဆိုသူက သူ့အား ပြောသည်အမှတ်ဖြင့် –
 
“ဟုတ်…ဟုတ်…အဘ…ဟုတ်” ဟု ပြန်ဖြေနေသေး၏။ ထပ်၍လည်း အလိုက်ကမ်းဆိုးမသိ သူလိုချင်သည်ကို ပူဆာပြန်သည်။
 
“လေယာဉ်ပစ်ကူမှ ရတော့မှာ အဘ။ မရတော့ဘူး အဘ”
 
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ”
 
အဘဆိုသူက အထက်ပါစကားတစ်ခွန်းတည်းကိုသာ စိတ်မရှည်စွာ ထပ်ခါပြော၍ ကေတီဘိမယ်လေး တိုက်သော ဘီယာအေးကို စုပ်၊ ကေတီဘိမယ်လေး ခွံ့ကျွေးသော အမြည်းကို မြုံ့ကာ ရှေ့တန်းကတုတ်ကျင်းထဲက တပည့်များ ရင်ဆိုင်နေရသည့် တိုက်ပွဲထက် သူ၏ တိုက်ပွဲကိုသာ အထူးအာရုံစိုက်နေလေတော့၏။ ထိုအချိန်မှာပင် ဆက်သွယ်ရေးစက်မှ အသံတစ်ခု ထွက်လာပြန်သည်။
 
“ဗိုလ်လေး ကျသွားပြီ ကိုစွမ်းရေ … လုပ်ပါဦး”
 
“ဟာ…အေး … အေး…အေး…ဟုတ်ပြီ၊ ဟုတ်ပြီ”
 
တစ်ဖက်ကိုစွမ်းဆိုသူကလည်း အထက်ပါစကားများကို ပြောလာသည်။ ကိုရင် မြင်မိ၊ တွေးမိသည်မှာ အနှီနောက်တန်းကေတီဘိထဲမှ လူအားလုံးသည် “အေး…အေး…ဟုတ်ပြီ…ဟုတ်ပြီ”ဆိုသော စကားတစ်ခွန်းကိုသာ အလွတ်ကျက်မှတ်ထားကြဟန်ရှိသည်။
 
“လေယာဉ်ပစ်ကူ ပေးပါဦးလို့။ ဒီမှာ အကုန်လုံးထိကုန်ပြီ”
 
အနှီရှေ့တန်းကတုတ်ကျင်းထဲမှ ဗိုလ်လေးအပါအဝင် ရဲတပ်သား ဆိုသူတို့သည်လည်း အလိုက်ကမ်းဆိုး နည်းနည်းဆို နည်းနည်းလေးမှ သိသူများမဟုတ်။ သူတို့၏ အဘများ နောက်တန်းကေတီဘိတွင် ချွေးတလုံးလုံးဖြင့် တိုက်ပွဲ ဝင်နေသည်ကိုပင် မထောက်မညှာ သူတို့လိုချင်သည်ကိုသာ တတွန်တွန်ဖြင့် တောင်းဆို ပူဆာနေတော့သည်။ အခုလည်း လေယာဉ်ပူဆာသည့် ဗိုလ်ကလေး မတည့်စာတွေ စားမိပြီး ဂန့်လေရာ သူ့နေရာ အစားဝင်လာသော ရဲတပ်သားကလည်း အလိုက်ကမ်းဆိုးမသိ တောင်းလာပြန်သည်က “လေယာဉ်ပစ်ကူပေးပါဦး” တဲ့။ တယ်ခက်တဲ့ ဗိုလ်လေးနှင့် အပေါင်းအပါများပါတကား။ အဲယားကွန်းခန်းထဲ ချွေးသံရွှဲရွှဲအောက်က အဘများကိုပင် မထောက် မညှာ။ မစာမနာ တောင်းရက်ကြလေခြင်း။
 
“အေး…အေး…ညီလေး…အေး…အေး…ဟုတ်ပြီ…ဟုတ်ပြီ”
 
နောက်တန်းကေတီဘိထဲက ကိုစွမ်းဆိုသူကလည်း လုပ်လာပြန်ပါပြီ။ အဘဆိုသူကြီးကလည်း “အေး…အေး… ဟုတ်ပြီ…ဟုတ်ပြီ” ၊ အခု ကိုစွမ်းဆိုသူကလည်း “အေး…အေး…ဟုတ်ပြီ…ဟုတ်ပြီ” နှင့်။ နောက်ထပ် အဘလေး၊ အဘထွေး တွေကလည်း ထိုစကားပင် ဆက်ကာပြောကြဦးမည် ထင်သည်။ တစ်နည်းတော့ ကောင်းပါသည်။ ထိုစကားစုကို ကော်ပီယူထားကာ ပေ့ချနေရုံမို့ ကိုရင် စာရိုက်ရ သက်သာ၏။
 
“လေယာဉ် ပစ်ကူပေးပါဦး…အားးးးးးး”
 
ဟော…ရှေ့တန်းကတုတ်ကျင်းထဲက ရဲတပ်သား ဆိုသူကလည်း သူလိုချင်သည့်အရာကို ထပ်၍ ပူဆာပြန်ချေသည်။ မပေးမချင်းရပ်မည်၊ နားမည်မထင်။ တအားအားဖြင့် အော်ကာလည်း ဒရမ်မာခင်းနေပြန်သေးသည်။
 
“ညီလေး…ညီလေး…ခဏတောင့်ထားနော်။ ညီလေး…ဗိုလ်လေးဖုန်းကိုယူထား။ အစ်ကို ဖုန်းဆက်မယ် ကိုင်ထား… ကိုင်ထား”
 
“ဟုတ်…ဟုတ်…ကိုကြီး…ဟုတ်”
 
“အစ်ကို ပြောမယ်။ အဲ့မှာ ဗိုလ်လေးရဲ့ ခြောက်လုံးပြူးရှိတယ်။ မင်းကိုင်ထား”
 
“အသက်ရှူကျပ်နေပြီလို့ ဟျောင့်ရဲ့”
 
ဟုတ်သည်ပေါ့။ တောင်းတာမပေးဘဲ ဖုန်းဂျူတီချလိုက်၊ လက်နက်ထိန်းသိမ်းခိုင်းလိုက်ဆိုတော့ သူလည်း တင်းပြီလေ။
 
“ညီလေး…တောင့်ထား…တောင့်ထား။ ပုံမှန်ရှူ၊ ပုံမှန်ရှူ…ညီလေး။ ခဏတောင့်ထား…ခဏတောင့်ထား။ အသက်ရှူ ကျပ်နေရင် ပုံမှန်ရှူ၊ ပုံမှန်ရှူ”
 
နှာခေါင်းမှ လေသွင်းထုတ်လျက် အသက်ရှူသည်တွင်ပင် ပုံမှန်တို့၊ ကျစိမ့်တို့၊ ချိုစိမ့်တို့၊ ချိုပေါ့ကျတို့ စသဖြင့် လက်ဖက်ရည်ဖျော်သလို ရှိနေသည်ကို ကိုရင် ဒီအရွယ်ရောက်လာသည်အထိ တကယ်မသိပြီ။ ယခုနောက်တန်း ကေတီဘိထဲမှ အဘဆိုသူ သူ့တပည့်အား ညွှန်ကြားလာမှသာ သိခွင့်ကြုံတော့သည် ကျေးဇူးကြီးပေစွ။ ဘယ်လို ရှူလျှင် ဘယ်လိုအမျိုးအစားဖြစ်မည်ကို ယူကျု့၌ ရှာဖွေကြည့်ရပါဦးမည်။ ဤကား စကားချပ်။
 
“လေယာဉ်ပစ်ကူ မလာသေးဘူးလား…အင်း…ဟင်း…ဟင်း”
 
ခက်တော့ ခက်နေချေပြီ။ ရှေ့တန်းကတုတ်ကျင်းထဲက တပည့်သားမြေးများ အမှန်တကယ်ကို အလိုက်ကမ်းဆိုး မသိချေပြီ။ ဒီလေယာဉ်ပစ်ကူ ဆိုသည်ကိုပဲ တတွန်တွန်ပူဆာနေတော့သည်။ ဒီတစ်ခါတွင်တော့ “အင်း…ဟင်း… ဟင်း” ဆိုသည့် ညည်းညူသံလေးပါ ထည့်၍ ဒရမ်မာက ဆက်ခင်းနေပြန်သည်။
 
“ဟျောင့်တွေ…ဟျောင့်တွေ…တောင့်ခံထား…တောင့်ခံထား”
 
နောက်တန်းမာစွပ်ထဲက အဘတစ်ယောက်အသံထပ်ကြားရပြန်သည်။ “တောင်ခံထား…တောင့်ခံထား။ ငါတို့လည်း မာစွပ်ထဲမှာ တောင့်ခံနေပါတယ်” ဆိုသည့်လေသံဖြင့်ဖြစ်သည်။
 
“လေယာဉ်ပစ်ကူ မလာသေးဘူးလားလို့…”
 
လုပ်ပြန်ပါပြီ။ ရှေ့တန်းကတုတ်ကျင်းထဲကနေ အလိုက်မသိစွာ ဒီစကားသာ တွင်တွင်သုံးနေပြန်တော့၏။
 
“လာပြီ…လာပြီ။ လေယာဉ်လာနေပြီ။ လေပေါ်ရောက်နေပြီ…လေပေါ်ရောက်နေပြီ”
 
တစ်ဖက်နောက်တန်းမာစွပ်ထဲမှ အဘအသံ ထပ်ထွက်လာပြန်သည်။ ဒီတစ်ခါတော့ “တောင့်ခံ” မခိုင်းတော့။ သူသည်လည်း လေပေါ်ရောက်နေလောက်ပေပြီ။
 
“ထိသွားပြီ…ထိသွားပြီ…လုပ်ကြပါဦး…ကယ်ကြပါဦး အဘရေ”
 
“ဟာ…ဟျောင့်ရေ ဘယ်ကိုထိပြန်တာလဲ။ မင့်ပြောတော့ ခြေတွေ၊ လက်တွေ၊ ဖင်တွေ၊ ရင်တွေ၊ ခေါင်းတွေ အကုန်ထိဆို။ ထိစရာနေရာကျန်သေးလို့လား”
 
“ဟာ…အဘကလည်း လုပ်ပြီ။ အခုထိသွားပြီလို့ပြောတာ ရှေ့တန်းကတုတ်ကျင်းထဲက မဟုတ်ဘူး။ ဝေဟင်ပေါ်က လေယာဉ်ကို ပွိုင့်ဖိုက်ကျည် ထိသွားပြီလို့ အဘသားဟောဒီလေယာဉ်မောင်က ပြောနေတာ အဘရေ။ ကျွန်တော်တို့ ပစ်ချခံလိုက်ရပြီဗျ”
 
“ဟာကွာ။ မင့်ကို ငါသေချာမှာထားတယ်လေ။ ဘာ့ကြောင့်ပျက်ပျက် ပစ်ချခံရတယ်လို့ မသုံးပါနဲ့ဆို။ စက်ချို့ယွင်းပြီး ပျက်ကျတယ်ပဲပြော။ သေချာမှတ်ထား။ နောက်ဘယ်သူမေးမေး အဲဒီအတိုင်းပဲဖြေ။ ငါမေးရင်တောင် အဲ့လိုပဲ ဖြေ”
 
ယခုတော့ နောက်တန်းမာစွပ်ထဲ လေပေါ်ရောက်နေသောအဘသည်လည်း လေယာဉ်နှင့်အတူ စက်ချို့ယွင်းကာ မြေပေါ်သို့ ပျက်ကျသွားခဲ့ချေပြီ။ ထိုသို့ရှိခိုက် ဆက်သွယ်ရေးစက်မှ အသံတစ်သံထပ်ထွက်လာပြန်၏။
 
“လေယာဉ် အသံကို မကြားရဘူး။ လုပ်ပါဦး”ဟူ၏။
 
အနှီစကားကို နောက်တန်းကေတီဘိနှင့် မာစွပ်ထဲရောက် အဘများကြားပြီးနောက် သူ့ထက်ငါအလျင်စလိုဖြင့် “အေး…အေး…ဟုတ်ပါပြီ…ဟုတ်ပါပြီ”၊ “လာပြီ…လာပြီ…လေပေါ်ရောက်နေပြီ…လေပေါ်ရောက်နေပြီ”ဟု သံပြိုင် ဖြေကြလိုက်သည်။ သို့သော် အနှီစကားများကို ထိုရဲတပ်သားလေး မကြားနိုင်တော့ချေပြီ။
 
ထိုရဲတပ်သားလေးသည် သူ၏နောက်ဆုံးထွက်သက်တွင်တော့ “ကျွန်တော်တို့ဂိတ် မီးလောင်နေပြီ” ဟူသော စကားကိုလည်း သံရှည်ဆွဲကာ ညည်းတွားသွားလိုက်ပြန်သေးသည်။ ထိုစကား ဘာ့ကြောင့်ပြောထွက်သလဲဟု ကိုရင်ဖြင့် နေ့မအိပ်၊ ညမအိပ် အိပ်ရေးပျက်ခံ စဉ်းစားကြည့်ရာ နောက်ဆုံး၌ ၎င်းသည် ‘မန်ယူဖန်’ ဖြစ်သည်ဆိုသော အချက်ကို တွေ့လိုက်ရလေသည်။
 
ဇာတ်သိမ်းခန်းကို ရောက်ပါပြီ။ ဇာတ်သိမ်းခန်းမှာတော့ ဇာတ်အစတုန်းကကဲ့သို့ပင် ရှေ့တန်းကတုတ်ကျင်းထဲက ရဲတပ်သားတွေကလည်း တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်ဖြင့် “လေယာဉ်ပေးပါ”၊ “လေယာဉ် မလာသေးဘူးလား” ဟု တစာစာဟစ်၍ ပူဆာရင်း စခန်းစွ န့်ဆုတ်ခွာပြေးတိုက်ပွဲများကို ဆင်နွှဲလျက်ရှိသလို နောက်တန်း ကေတီဘိ၊ မာစွပ်ထဲက အဘများကလည်း “အေး…အေး…ဟုတ်ပြီ…ဟုတ်ပြီ” ၊ “လာပြီ…လာပြီ… လေပေါ်ရောက် နေပြီ…လေပေါ်ရောက်နေပြီ” ဆိုသော စကားများကို အလှည့်ကျ ကိုယ်စီပြောကာ ဘီယာလေးစုပ်လိုက်၊ အမြည်း လေးမြုံ့လိုက်၊ သီချင်းလေးဆိုလိုက်၊ ကေတီဘိမယ်လေးနဲ့ ခိုးခိုးခစ်ခစ်လိုက်၊ အနင်း၊ အနှိပ်လေးခံလိုက်ဖြင့် လေကြောင်းစစ်ဆင်ရေးများကို ရွပ်ရွပ်ချွံချွံ ဆင်နွှဲလျက်ရှိနေလေသည်။
 
(မှတ်ချက် – ယခုသရော်စာအား ဖတ်နေချိန်တွင် နောက်ခံတေးဂီတအဖြစ် သေနတ်ပစ်သံ၊ ဗုံးကွဲသံတို့နှင့် ဖန်ခွက်တိုက်သံတို့အား အဆက်မပြတ်ကြားယောင်ပေးပါရန်။)
ကိုရင်နွေဦး