ကျိုက်မရောမှာ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်

နိုဝင်ဘာ၊ ၁၃
 
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွ နယ်မြေရဲစခန်းနဲ့ အတ္ထံရံတံတား စစ်ဆေးရေးဂိတ်ကို ဒီကနေ့ နေ့လယ် ၂ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက် စစ်ကောင်စီတပ် က မြေပြင် ဝေဟင်ကနေ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
 
“ အခုက လေယာဉ်နဲ့ရော မြေပြင်ကပါ၊ သူတို့တွေ ပစ်နေကြတာ၊ တိုက်ပွဲက ဖြစ်နေတုန်းပဲ ” လို့ Saw Dragon Drone Force–SDDF တာဝန်ရှိသူတဦးက DNA အတည်ပြုပါတယ်။
 
အဲဒီရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒီလ ၁၀ ရက်၊ မနက်အစာပိုင်းမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး လေးရက်မြောက် ဒီကနေ့မှာ အဲဒီစခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
 
လက်ရှိ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေတဲ့ အခြေအနေ ဖြစ်နေတာနဲ့ ရှေ့တန်း စစ်မျက်နှာမှာရှိတဲ့ ရဲဘော်တွေနဲ့ အဆက်အသွယ် ထပ်မရသေးတဲ့အတွက် ဖြစ်စဉ်အသေးစိတ်ကို အတည်ပြုပေးလို့ မရနိုင်သေးဘူးလို့ သူက ဆိုပါတယ်။
 
DNA က ဆက်သွယ်ရရှိခဲ့တဲ့ ရှေ့တန်းစစ်မျက်နှာ ရောက်ရှိနေတဲ့ အမည်မဖော်လိုတဲ့ PDF ရဲဘော်တဦးက ဒီကနေ့မှာ စခန်းသိမ်းနိုင်တာကို အတည်ပြုနိုင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲအတွင်းမှာ ထိခိုက်ကျဆုံးမှုတွေ ရှိနေပေမယ့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
 
“ ဖမ်းထားတဲ့သူတွေ ရှိတယ်။ ကျဆုံးမှုတွေကလည်း များတယ်။ သူတို့ဘက်က ပိုများတယ်။ အခုအခြေအနေက ပြင်းထန်နေတုန်း ” လို့ အဲဒီအမည်မဖော်လိုတဲ့ PDF ရဲဘော်က ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ် ပစ်ခတ်နေသလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
 
ဒီလိုမျိုး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လေးရက်အတွင်း ကလေးနှစ်ဦး သေဆုံးကာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိထားတယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းတွေက ဆိုကြပါတယ်။
 
အဲဒီထဲက ကလေးနှစ်ဦးကဆိုရင် မုဒုံမြို့နယ် အမြှောက်တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ပေါလောကျေးရွာထဲကို ကျရောက်ပေါက်ကွဲလို့ အသက် ရှစ်နှစ်အရွယ်နဲ့ အသက် ခုနှစ်နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ရပါတယ်။
 
” မနေ့ (နိုဝင်ဘာ ၁၂ ရက်)က အိမ်မှာပဲ ကျတာ ထိတာပေါ့၊ ခန္ဓာတွေကိုယ်အနှံ့မှာ ကျည်စထိမှန်တာပေါ့၊ အဲဒီဒဏ်ရာနဲ့ပဲ သေတာ ” လို့ အဲဒီလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ တခြားရက်တွေမှာ ဒဏ်ရာရတဲ့သူတွေ ဆက်သွယ်ရတဲ့သူတွေ အဆက်အသွယ် မရတဲ့သူတွေလည်း အများကြီး ရှိနေသေးတယ် ” လို့ ဖြည့်စွက်ပြောပါတယ်။
 
လက်ရှိမှာ ချောင်းနှစ်ကျေးရွာအပြင် အနီးပတ်ဝန်းကျင်မှ ကျေးရွာ ဆယ်ရွာခန့်က အရပ်သားတွေကလည်း ဘေးလွတ်ရာ ဆွေမျိုး နေအိမ်တွေနဲ့ တောတောင်ဥယျာဉ်ခြံမြေဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြသူများ ရှိသလို ကျေးရွာထဲမှာ ပိတ်မိနေသူတွေလည်း ရှိပါတယ်။
 
အဲဒီထဲက လူဦးရေ လေးထောင်ကျော်ရှိတဲ့ ချောင်းနှစ်ခွ ကျေးရွာဒေသခံတွေဟာ စစ်ဘေးဒဏ်ကို ပိုပြီး ခံစားနေရပြီး လက်ရှိ တိုက်ပွဲကြောင့် အပြင်ထွက်သွားလာဖို့ အခက်အခဲတွေ ရှိနေကြသလို စားသောက်ဖို့လည်း အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
“ လေယာဉ်ပျံတို့ လက်နက်ကြီးကို ကြောက်နေရတယ်။ နေ့တိုင်းလိုလို ပစ်နေတာ၊ ရွာထဲပဲ ကျနေတာ၊ ထွက်လို့ရတဲ့ လမ်းကနေ အရဲစွန့်ပြီး ပြေးကြတာရှိတယ်။ ခြံမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေပဲ ချက်ပြုတ်စားသောက်နေတာပေါ့။ လေးရက်ရှိပြီးလေ တိုက်ပွဲဖြစ်နေတာ။ အခုပြောနေရင်းနဲ့ အိမ်နားကို လက်နက်ကြီး ကျတယ် ” လို့ ချောင်းနှစ်ခွဒေသခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ်အဆောက်အဦ ထိခိုက်ပျက်စီးမှုတွေက နေ့စဉ်ဆိုသလို ရှိနေပြီး ဒေသခံတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်၊ ဘဲ၊ နွား တွေလည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
 
လက်ရှိ တိုက်ပွဲကြောင့် လေးရက်ကြာ ပိတ်ထားရတဲ့ မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းတလျှောက်မှာလည်း တော်လှန် ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်တာတွေလည်း ရှိနေကြပါတယ်။
 
ဓာတ်ပုံ – Social Media