ရေတာရှည်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးတပါး ပျံလွန်တော်မူ

နိုဝင်ဘာ ၁၃
 
ပဲခူးတိုင်း၊ ရေတာရှည်၊ အင်ကြီးပေါက်ရွာ မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုန်ကြီးတပါး ပျံလွန်တော်မူသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။
 
” ဟုတ်တယ် အဲ့နေ့က တိုက်ပွဲဖြစ်တော့ သူတို့ဘက်က အကျအဆုံးလည်း များတော့ လက်နက်ကြီးနဲ့ပစ်လို့ သံဃာတော်တပါးလည်း ပျံလွန်တော်မူသွားတယ် ” လို့ ရေတာရှည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ နွားတကောင်လည်း သေသွားလို့ ကျွန်တော်တို့ ပေါ်စားလိုက်တယ် “ လို့ သူက ဖြည့်စွက်ပြောပါတယ်။
 
ပျံလွန်သွားတဲ့ သံဃာတော်ဟာ သက်တော်ငါးဆယ်ကျော်ရှိတဲ့ ဆရာတော် ဦးရေဝတ ဖြစ်ပေမယ့် ဝါတော် မသိရဘူးလို့ ဆိုပါတယ်။
 
အင်အားတရာကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာလ ၁၁ ရက်၊ မနက် ၈ နာရီခန့်မှာ ရေတာရှည်လေးကျေးရွာကနေ အင်ကြီးပေါက်ရွာကို စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။
 
နှစ်ဖက်ပစ်ခတ်မှု ၄၅ မိနစ်ကြာခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဗိုလ်ကြီး တဦးနဲ့ တပ်ကြပ်ကြီး တဦး သေဆုံးတယ်လို့ ပြောဆိုပေမယ့် DNA အနေနဲ့ အဲဒီပြောဆိုချက်အပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
 
စစ်ကောင်စီတပ်အနေနဲ့ အဲဒီ တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ သံဃာတော်တပါး ပျံလွန်တော်မူသလို တိုက်ပွဲပြီးနောက် အင်းကြီးပေါက်ရွာကို ဝင်ရောက်ခဲ့ကာ ဒေသခံပိုင် ပစ္စည်းတွေ ယူဆောင်သွားကာ နေအိမ် ၁၆ လုံးကို မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင်အမျိုးသား ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပေမယ့် အဲဒီနေ့ကပဲ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းကြောင့် ပိတောက်ကုန်း၊ ရေတာရှည်လေးကျေးရွာ နဲ့ အင်ကြီးပေါက်ရွာက ဒေသခံတထောင်ကျော်ဟာ ဒီကနေ့အထိ စစ်ရှောင်နေပါတယ်။
 
လက်ရှိမှာတော့ အဲဒီစစ်ကောင်စီတပ်ဟာ ဆွာမကြီးကျေးရွာ အနီးမှာ တပ်စွဲနေတယ်လို့ သိရပါတယ်။
 
ဓာတ်ပုံ – CJ