နိုဝင်ဘာ၊ ၁၂
အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို ဦးဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုးကန့်ဒေသက အထင်ကရ စီးပွားရေး လုပ်ငန်းရှင် မင်မိသားစုထဲက ၄ ဦးကို တရုတ်က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှီကျန်းပြည်နယ်ရဲ့ ပြည်သူ့လုံခြုံရေး ဗျူရို ရဲတပ်ဖွဲ့က ကိုးကန့် စီးပွားရေး လုပ်ငန်းရှင် မင်ရှုကျန်းနဲ့ သားသမီး ၃ ဦးတို့ကို နိုဝင်ဘာ ၁၂ ရက်မှာ ဝရမ်းထုတ်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။ အသက် ၆၉ နှစ်အရွယ် မင်နဲ့ သူ့ရဲ့ သားတဦး၊ သမီးနှစ်ဦးတို့ဟာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေကို ကျူးလွန်နေတယ်လို့ တရုတ် အာဏာပိုင်တွေက စွပ်စွဲပါတယ်။
မင်ဟာ ရှမ်းပြည်နယ် ဥပဒေပြု လွှတ်တော် အဖွဲ့ဝင်ဟောင်း တဦးဖြစ်သလို ကိုးကန့် ခေါင်းဆောင်မှု ကော်မတီဝင် တဦးအနေနဲ့လည်း တာဝန်ယူခဲ့ဖူးပါတယ်။
သူနဲ့အတူ ဝရမ်း ထုတ်ခံရသူတွေကတော့ ကိုးကန့် ပြည်သူ့စစ်အဖွဲ့ တခုရဲ့ ခေါင်းဆောင် အနေနဲ့ တာဝန်ယူထားတဲ့ သားဖြစ်သူ မင်ကောဖျင်၊ သမီးနှစ်ဦးဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် မင်ကျုလန်နဲ့ အသက် ၂၇ နှစ်အရွယ် မင်ကျန်ကျန်းတို့ ဖြစ်ပါတယ်။
တရုတ် အာဏာပိုင်တွေက အဲဒီ ဝရမ်း ထုတ်ခံရသူ ၄ ဦးကို ဖမ်းဆီးရမိဖို့ သတင်းပေးနိုင်ရင် တဦးချင်းစီအတွက် ဆုငွေ ယွမ် ၅ သိန်း (အမေရိကန်ဒေါ်လာ ၆၈၄၀၀)စီ ချီးမြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တရုတ် အစိုးရနဲ့ ပြည်သူတွေကြားမှာ အွန်လိုင်း လိမ်လည်မှုတွေ ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုမို ကြီးထွားလာခဲ့ပါတယ်။ အဲဒီ ရာဇဝတ် ဂိုဏ်းတွေဟာ တရားဥပဒေ စိုးမိုးမှု လက်လှမ်းမမီတဲ့ မြန်မာနိုင်ငံ နယ်စွန်နယ်ဖျား ဒေသတွေမှာ အခြေစိုက် လှုပ်ရှားနေပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့ရဲ့ အကာအကွယ်ကို ရရှိထားကြောင်း စွပ်စွဲမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
မင်မိသားစုဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကိုးကန့်ဒေသမှာ ဩဇာကြီးမားသူတွေအဖြစ် သတ်မှတ် ခံရပြီး အောက်တိုဘာ ၂၀ ရက်နေ့တုန်းက ငွေကြေး လိမ်လည်မှု လုပ်ငန်းတွေအတွက် အဓမ္မ ခိုင်းစေ ခံရသူတွေကို အဓမ္မ ရွှေ့ပြောင်းခိုင်းရာကနေ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပေါ်စေခဲ့တဲ့ အဓိက ညွှန်ကြားသူတွေ အဖြစ်လည်း စွပ်စွဲ ခံထားရပါတယ်။
တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက ပြီးခဲ့တဲ့လမှာ ဖော်ပြထားမှုအရ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အွန်လိုင်း လိမ်လည်မှုတွေ ကျူးလွန်နေတယ်လို့ ယူဆရသူ ၄၆၀၀ ကျော်ကို ဖမ်းဆီးရမိပြီး တရုတ်ဆီ လွှဲပြောင်းပေးခဲ့ကြောင်း၊ အဲဒီထဲမှာ တရုတ် အာဏာပိုင်တွေက အလိုရှိကြောင်း ထုတ်ပြန်ထားသူ ၂၀၅ ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။
Ref: SCMP