အတွဲလိုက်ဒုံးပစ်ယာဉ် နှစ်စီးအပါအဝင် လက်နက်အများအပြား သိမ်းဆည်းရမိတယ်လို့ ကိုးကန့် တပ်ထုတ်ပြန်

နိုဝင်ဘာ၊ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ၁၂၂ မမ အတွဲလိုက်ဒုံးပစ်ယာဉ် နှစ်စီး အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိတယ်လို့ ကိုးကန့်တပ် (MNDAA) က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်၊ ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေ၊ ဗျူဟာကုန်းတွေအပြင် ရဲစခန်းတွေကို ရှစ်ရက်ကြာ တိုက်ခိုက်ပြီးနောက်မြို့ကို အလုံးစုံ သိမ်းပိုက်ရရှိထားတယ်လို့ ကိုးကန့်တပ် (MNDAA) ရဲ့ ပြောခွင့်ရ လီကျာဝင်း က DNA ကို အတည်ပြုပြောဆိုပါတယ်။
ကိုးကန့်တပ်တွေဟာ အတွဲလိုက်ဒုံးပစ်ယာဉ် နှစ်စီး၊ သံချပ်ကာကား လေးစီး၊ အမြှောက်ကြီးတွေ၊ စစ်ကားတွေနဲ့ လက်နက်အများအပြား သိမ်းဆည်းရမိသလို စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးရမိတာကို ဓာတ်ပုံနဲ့တကွ ထုတ်ပြန်လာတာပါ။
ဒါ့ကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလ နှစ်ပတ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ တင့်ကားပေါင်း ၁၂ စီးအထိ သိမ်းဆည်းရရှိထားပြီး ပြန်လည်သုံးစွဲနိုင်အောင် လုပ်ဆောင်နေတယ်လို့လည်း ကိုးကန့်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောထားသလို အတွဲလိုက် ဒုံပစ်ယာဉ်ကတော့ ပထမဦးဆုံး သိမ်းဆည်းရမိတာလည်း ဖြစ်ပါတယ်။
ညီနောင်မဟာမိတ်တပ်တွေဟာ စစ်ဆင်ရေး ၁၀၂၇ စတင်ချိန်ကနေ ဒီကနေ့အထိ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ သိန္နီမြို့တွေကို သိမ်းပိုက်ထားပြီး တချို့မြို့နယ်တွေကို ထိန်းချုပ်သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်နေတာလည်း ရှိပါတယ်။
ဓာတ်ပုံ – The Kokang