ပြည်နယ်အုပ်ချုပ်ရေးမြို့တော် လွိုင်ကော်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

ပြည်နယ်အုပ်ချုပ်ရေးမြို့တော် လွိုင်ကော်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် 

နိုဝင်ဘာ၊ ၁၂ 

ကယား (ကရင်နီ)ပြည်နယ် အုပ်ချုပ်ရေးမြို့တော် လွိုင်ကော်မြို့ ပတ်ဝန်းကျင်မှာ ဒီကနေ့ ည ၆ နာရီခွဲအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ပိတ်မိနေတဲ့ အရပ်သားတွေလည်း  အကူအညီလိုအပ်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ ဒေသခံတွေထံက သိရပါတယ်။

“ ဒီနေ့လည်း လွိုင်ကော်မြို့အဝင်၊ အနီးတဝိုက်ပတ်ဝန်းကျင်ပေါ့ ထပ်ပြီးတော့ စစ်ဆင်ရေးလုပ်နေပါတယ်။ တိုက်ပွဲက ပြင်းထန်နေဆဲဆိုတော့ ဘယ်နေရာကို ဝင်တိုက်သလဲဆိုတော့ အခု ပြောလို့ မရသေးပါဘူး ” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံက DNA ကို ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်တပ်တွေ “၁၀၂၇” စစ်ဆင်ရေး အရှိန်မြှင့်နေတဲ့အချိန် ကရင်နီပြည်အတွင်း စစ်အာဏာရှင်ချုပ်ငြိမ်းရေး လှုပ်ရှားမှု အစိတ်အပိုင်းတခုအဖြစ် “၁၁၁၁” စစ်ဆင်ရေးကို မနေ့ နိုဝင်ဘာလ ၁၁ ရက်က စတင်လိုက်တာပါ။

ကရင်နီပူးပေါင်းတပ်တွေက ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့အပါအဝင် ကရင်နီဒေသတွင်းမှာ စစ်ကောင်စီစစ်စခန်းတွေကို မနေ့က မနက် ၅ နာရီခန့်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီကနေ့တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးတွေ ရှိနေပေမယ့် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တာကြောင့် ထိခိုက်မှုအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ နှစ်ကြိမ်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို လက်နက်ကြီး ပစ်ကူတွေလည်း အဆက်မပြတ်ပစ်ခတ်တာတွေ ရှိတယ်လို့ အဲဒီပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မြို့ထဲမှာ ပိတ်မိနေတဲ့ သူတွေကလည်း အပြင်ထွက်လာရာမှာ အခက်အခဲရှိနေပေမယ့် မြို့ပြင်မှာ နေထိုင်ကြတဲ့ အရပ်သားတွေဟာ အဆင်မပြေမှုတွေ ပိုပြီး ကြုံတွေ့နေရတယ်လို့ လွိုင်ကော်မြို့ခံတွေက ဆိုပါတယ်။

“ မြို့ထဲထိတော့ ပစ်ခတ်မှု မဖြစ်နေသေးဘူး၊ အလှမ်းဝေးတဲ့ နေရာတွေမှာတော့ ပစ်နေတာ ကြားရတယ်၊ မြို့ပြင်က ရွာတွေဆို ပိုပြီး ခံနေရတာပေါ့၊ မနက်က မြို့ပြင်ဘက်က အခြေအနေကို မေးတော့ သူတို့မှာ စုဆောင်းထားတာ သိပ်မရှိနေဘူး၊ စားသောက်ဖို့က အခုအပြင်ထွက်ဝယ်ဖို့က မရဲကြဘူး၊ ရှိတာလေးနဲ့ပဲ စားနေရတယ်၊ ဒီတိုင်းဖြစ်နေရင် ပိုဆိုးမယ်တဲ့ ” လို့လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

လက်ရှိ လွိုင်ကော်မြို့အနီးပတ်ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲက နှစ်ရက်ကြာရှိလာပြီဖြစ်တဲ့အတွက် ပြည်နယ်အခြေစိုက်ရာမြို့ မကျဖို့ကို စစ်ကောင်စီတပ်က မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

မြို့ပေါ်ဌာနဆိုင်ရာဝန်ထမ်းတချို့က နေရပ်ကိုပြန်ဖို့ စီစဉ်နေကြသူတွေ ရှိနေပေမယ့် ဌာနအကြီးအကဲတွေက နေရပ်ပြန်ခွင့် မပြုကြသေးဘဲ လုံခြုံတဲ့နေရာမှာသာ နေထိုင်ကြဖို့နဲ့ အပြင်ထွက်သွားလာတာတွေ မလုပ်ကြဖို့ ညွှန်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။

KNDF က စစ်ဆင်ရေးဖော်ဆောင်တဲ့ မနေ့ကမှာပဲ ကရင်နီပြည်အတွင်းမှာ နှစ်ဖက်စစ်ရေးပြင်းထန်လာနိုင်တဲ့အတွက် အရပ်သားတွေ ခရီးသွားလာတာ၊ နေအိမ်အပြင်ထွက်တာတွေ မလုပ်ကြဖို့နဲ့ လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော်-မိုးဗြဲ နဲ့ လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို အသုံးမပြုကြဖို့ကို သတိပေးထုတ်ပြန်ထားပါတယ်။

မနေ့က တိုက်ပွဲမှာ ဒီးမောဆို၊ နန်းမယ်ခုံ၊ မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း ခုနှစ်ခုကို ကရင်နီပူးပေါင်းတပ်တွေက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီးငယ်မျိုးစုံ တရာခန့်နဲ့ ခဲယမ်းဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိသလို အရှင်ဖမ်းဆီးရမိသူတွေရှိတဲ့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက် က ရဲဘော်တချို့ ကျဆုံးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အမျိုးအမည်မသိ တိုက်လေယာဉ်တစီးကို KNDF ပူးပေါင်းတပ်တွေက လေယာဉ်ပစ်စက်သေနတ်ပွိုင့် ဖိုက်(.5)တွေနဲ့ ပစ်ချနိုင်တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ကရင်နီပူးပေါင်းတပ်တွေ ပစ်ချခဲ့တဲ့ တိုက်လေယာဉ်အပျက်အစီးကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကမာဒီပိုလီနဲ့ မရောပို လီရွာကြား တောင်ယာတဲအနီးမှာ တွေ့ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ညနေပိုင်းမှာ ဓါတ်ပုံနဲ့တကွ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဖရူဆိုမြို့နယ်မှာ ပျက်ကျခဲ့တဲ့ လေယာဉ်က ပစ်ချခံရတာမဟုတ်ဘဲ လေ့ကျင့်နေချိန်မှာ စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာဖြစ်ပြီး လေထီးနဲ့ အရေးပေါ် ခုန်ထွက်နိုင်ခဲ့တဲ့ လေယာဉ်မှူးနှစ်ဦးနဲ့လည်း အဆက်အသွယ်ရထားပြီလို့ ပြောဆိုထားပါတယ်။

ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တွေက ကွမ်းလုံ၊ ချင်းရွှေဟော်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ သိန္နီ စတဲ့မြို့တွေကို သိမ်းပိုက်ထားသလို တချို့မြို့နယ်တွေကို ထိန်းချုပ်နိုင်ဖို့ တိုက်ခိုက်နေတာလည်း ရှိပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကောလင်း၊ ခမ်းပတ်နဲ့ ပင်လည်ဘူး စတဲ့မြို့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ထိန်းချုပ်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – KNDF