နိုဝင်ဘာ၊ ၁၂
ကယား (ကရင်နီ)ဒေသမှာ ကရင်နီပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၁၁ ရက်၊ မနေ့က ပစ်ချခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်တစီးပုံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
အဲဒီလေယာဉ်အပျက်အစီးကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနဲ့ မရောပိုလီရွာကြား တောင်ယာတဲအနီးမှာ တွေ့ရှိတာဖြစ်တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တစီးဟာ မနေ့က ညနေ ငါးနာရီခန့်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ကရင်နီတပ်မတော်(KA) တို့က လေယာဉ်ပစ်စက်သေနတ်ပွိုင့်ဖိုက်(. ၅) နဲ့ ပစ်ခတ်ခဲ့ရပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီလေယာဉ်ဟာ ပစ်ချခံရတာ မဟုတ်ဘဲ လေ့ကျင်နေစဉ် စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်မှူးတွေနဲ့ အဆက်အသွယ်ရရှိထားပြီး ဖြစ်တယ်လို့ မနေ့ကညမှာပဲ ပြောထားပါတယ်။
ပစ်ချခံရတဲ့ လေယာဉ်မှူး နှစ်ဦးဟာ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့ပြီး လေထီးအပါအဝင် စစ်အသုံးအဆောင်ပစ္စည်း တချို့ကို ရှာဖွေတွေ့ရှိထားပြီး လေယာဉ်မှူးနှစ်ဦးကတော့ လတ်တလောအချိန်အထိ ပျောက်ဆုံးနေဆဲ ဖြစ်သလို တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကပါ ရှာဖွေနေကြပါတယ်။
ဓာတ်ပုံ – Social Media/NUG