သီပေါနဲ့ ကျောက်မဲကြားရှိ ကျင်တီရဲစခန်းကို TNLA တိုက်ခိုက်သိမ်းပိုက်

နိုဝင်ဘာ၊ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နဲ့ကျောက်မဲမြို့ကြားရှိ ဘော်ကြိုဘုရားအနီးက စစ်ကောင်စီတပ်ရဲ့ ကျင်တီတံတား တပ်စခန်း(ရဲစခန်း)ကို ဒီလ ၁၂ ရက်က၊မနက်၅ နာရီလောက်က တိုက်ခိုက်သိမ်းပိုက်လို က် တယ်လို့ တအာင်းတပ်(TNLA ) ကဓာတ်ပုံမှတ်တမ်းနဲ့ တကွသတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ သီပေါမြို့အနီးတဝိုက်မှာ ဒီကနေ့ မနက်အစောပိုင်းကတည်းကစပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသလို  စျေး၊ကျောင်းနဲ့ စျေးဆိုင်ခန်းတွေ ပိတ်ထားပြီး လူအသွားအလာ နည်းသွားတယ်လို့ဒေသခံတွေက ဆိုပါတယ်။

“ မြို့ထဲကတော့ ဘာမှာ မဖြစ်ဘူး ။အနားမှာ တိုက်ပွဲဖြစ်တော့ ဆိုင်တွေ ဘာတွေ ပိတ်တာတော့ ရှိတယ်။ စျေးတွေ ဘာတွေပိတ်တယ်ဆိုတာကလည်း မြို့ထဲမှာ တိုက်ပွဲဖြစ်မှာ စိုးလို့ပေါ့နော်။ အခုက ကျင်တီဘက်ဖြစ်တာပေါ့နော် ။ကျင်တီက မြို့တောင်ဖက်ပေါ့ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ တဦးကပြောပါတယ်။

မိုင် နှစ်ဆယ်ကွာဝေးတဲ့ ကျောက်မဲနဲ့ သီပေါကြား မှာရှိတဲ့ ကျင်တီတံတားတပ်စခန်းဟာ တံတားလုံခြုံရေးယူထားတဲ့ ရဲစခန်းငယ်တခုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် အနည်းငယ်သာရှိပြီး စစ်တပ်က နေရာယူထားတဲ့ စခန်းတခုဖြစ်တယ်လို့သူကဆိုပါတယ်။

ဒါ့အပြင် ကျင်တီတံတားကိုလည်း ဒီကနေ့ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး တံတားကျိုးမသွားသေးပေမယ့် အနည်းငယ် ထိခိုက်မှုတွေရှိခဲ့ပြီး ကားတွေဖြတ်သန်းလို့ မရတော့သလို လက်ရှိမှာလည်း စစ်ကောင်စီတပ်က သီပေါမြို့အဝင်အထွက် တွေကို ပိတ်ထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“ အသံတွေကတော့ ကြားနေရတာပဲ တအုန်းအုန်းနဲ့။ ဘယ်ကပစ်နေမှန်းလည်း မသိဘူး လက်နက်ကြီး ပေါက်ကွဲသံတွေလည်း တောက်လျှောက်ကြားနေရတယ်။ လူတွေကတော့ အတော်ထိတ်လန့်နေကြတယ် ” လို့ ဒေသခံနောက်တဦးကပြောပါတယ်။

တိုက်ပွဲမှာနှစ်ဘက်တပ်အထိအခိုက်အကျအဆုံးကိုတော့မသိရသေးပါဘူး။

တိုက်ပွဲတွေဖြစ်နေတဲ့ ကျင်တီကျေးရွာထဲကိုလည်း လက်နက်ကြီး ကျပေါက်ကွဲမှုတွေရှိခဲ့လို့ နေအိမ် တချို့မီးလောင်ပျက်ဆီးနေသလို ဒေသခံတွေလည်း ဘေးလွတ်ရာဘုန်းကြီးကျောင်းတွေမှာ တိမ်ရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နှစ်ပတ်ကျော်ကာလအတွင်း ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီရဲ့ တပ်စခန်း ၁၇၀ ကျော်ကိုသိမ်းပိုက်ထာပြီးမြို့နယ်အချို့ကို သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ကိုးကန့် နဲ့ တအာင်းဒေသတွေမှာ ညီနောင်မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ တပ်စခန်းကုန်းတွေကို ပြန်ရရှိဖို့ စစ်ကောင်စီတပ်က  ကြိုးပမ်းနေပေမယ့် မြေပြင် ထိရောက်မှုမရှိတာကြောင့် လေကြောင်း တိုက်ခိုက်မှု တွေကို အဓိကထားလုပ်ဆောင်နေတယ်လို့ တအာင်းတပ်(TNLA) ကထုတ်ပြန်ထားပါတယ်။

Photo-Social Media