ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာမှာ နိုဝင်ဘာလ ၁၀ ရက်ကတော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ခံ ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေကလက်နက် ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားန ှစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံ တွေနဲ့ ကေအဲန်ယူရဲ့ ထုတ်ပြန် ချက်တွေအရ သိရပါတယ်။

“ပိန္နဲတောက စကစ(စစ်ကောင်စီ)စခန်းတိုက်ခိုက်ခံရတယ်။ လက်နက်ကြီးနဲ့ သုံးလေးလုံးလောက်ပစ်တာပေါ့။ အဲဒါ လူတွေရှိတဲ့ နေရာထဲကို ကျတာ၊ တယောက်တော့ ပွဲချင်းသေတယ်။ တယောက်က ဆေးရုံသယ်ရင်းနဲ့ သေတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။” လို့ အမည်မဖော်လိုသူ ဒေသခံတဦးက DNA ကို ပြောပါတယ်။

အဲဒီလိုလက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ ပိန္နဲတောကျေးရွာရှိ အသက် ၇၃ နှစ်အရွယ် တီးထစ်နူးနဲ့ အသက် ၄၆ နှစ်အရွယ် စောစိုးဝင်းတို့နှစ်ဦး သေဆုံးသွားပြီး အသက်၃၂နှစ်အရွယ် စောသက်နိုင်နဲ့ အသက် ၇၂ နှစ်အရွယ်အမျိုးသမီးတဦး ခြေထောက်နဲ့ ခန္ဓာကိုယ် အနှံ့မှာ ကျည်စထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ဆေးရုံကို သယ်သွားကြတယ်။ ဒဏ်ရာက သိပ်မများပေမယ့် လူကြီးပိုင်းဆိုတော့လေ။ အခုတောင် ပြန်ဆင်း လာပြီလို့ ကြား တယ်။” လို့ အဲဒီဒေသခံက ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း တပ်ဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့ကို  နိုဝင်ဘာလ ၁၀ ရက်မှာ ဒရုန်းနဲ့ သွားရောက်တို က်ခိုက်ခံ ရပြီးနောက်အဲဒီနေ့ညနေ ၃ နာရီကျော်မှာ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်အဆောက်အဦတချို့လည်း ထိခိုက်ပျက်စီး တာတွေ ရှိခဲ့တယ် လို့ ဆိုပါတယ်။

ပိန္နဲတောကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ သွားရောက်တိုက်ခိုက်လေ့ ရှိပြီး ဒီလိုစခန်းတိုက်ခိုက်ခံရပါက ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်မယ်လို့  ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အရင်ကတည်းက ခြိမ်းခြောက်ပြောဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် ပိန္နဲတောတပ်စခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို သိရှိနိုင်ဖို့ ကေအဲန်ယူ သထုံခရိုင်မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီဥက္ကဌထံကို DNA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေး ခြင်းမရှိသေးပါဘူး။

“ အဲဒီစစ်ဆင်ရေးက ကျွန်တော်မလိုက်ရဘူး ။သွားလုပ်တာပဲ သိတယ်။ ကျန်တာတော့ ကျွန်တော်တို့ မသိရဘူး။” လို့ သထုံမြို့နယ်အခြေစိုက်အမည်မဖော်လိုတဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်ကလည်း သထုံမြို့နယ် တက်ကူးကုန်းကျေးရွာမှာ စစ်ကောင်စီအမြှောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်လို့ အရပ်သားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်သုံးလုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။  

ကေအဲန်ယူ – သထုံခရိုင် တပ်မဟာ ၁ နယ်မြေမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဘက်စစ်ရေးတင်းမာနေသလို ထိတွေ့တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီလိုနှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေတဲ့ အတွက် အရပ်သား ထိခိုက်သေဆုံးမှု ရှိနေသလို ဒေသခံ နှစ်သိန်းကျော်ကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ ကေအဲန်ယူဗဟိုရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Photo-KNU