နို၀င်ဘာ ၊ ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း ရွာသားတွေ ပိတ်မိ နေတဲ့အပြင် အရပ်သားတချို့ ထိခိုက်တာတွေ ရှိနေတယ်လို့ ဒေသတွင်းလူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေကပြောပါတယ်။
“ရဲစခန်းဘက်ကို လာတိုက်တယ်လို့ သိရတယ်၊ လက်နက်ကြီးတွေလည်း တောက်လျှောက် ကို ပစ်နေတာ၊ မနေ့ ကဆို လေယာဉ်နဲ့လာပစ်သွားတယ်၊လေယာဉ်က ဒီနေ့တော့ မလာသေးဘူး၊အခုထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ” လို့ ချောင်းနှစ်ခွကျေးရွာနေ ဒေသခံတဦးက DNA ကို ပြောပါတယ်။
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းနဲ့ ချောင်းနှစ်ခွအတ္ထရံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က နိုဝင်ဘာလ ၁၀ ရက်မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မနေ့ကတိုက်ပွဲအတွင်းစစ်ကောင်စီလက်အောက်ခံ မုဒုံအခြေစိုက် အမြှောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အပြင် Mi 35 နဲ့ လေကြောင်းကနေပါ ပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ချောင်းနှစ်ကျေးရွာနေ ပြည်သူတွေကလည်း တိုက်ပွဲအတွင်းမှာ ပိတ်မိနေသလို အရပ်သားထိခိုက်တာတွေ လည်း ရှိနေတယ်လို့ နယ်မြေခံလူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“သိရသလောက် နှစ်ယောက်က လက်နက်ကြီးစထိမှန်ဒဏ်ရာရထားတယ်၊တခြားလည်း ရှိဦးမယ်ထင်တယ်၊ ကျွန်တော်တို့ လည်း အားလုံးနဲ့ ဆက်သွယ်ဖို့က အဆင်မပြေနေသေးဘူး၊ ခုက အရပ်သားတွေက အပြင်မထွက်ရဲကြဘူး၊ ပိတ်မိနေတဲ့ သဘောပေါ့၊ တောက်လျှောက်ပစ်နေတာဆိုတော့” လို့ သူကပြောပါတယ်။
ချောင်းနှစ်ခွကျေးရွာဟာ ကျိုက်မရောမြို့တောင်ဘက် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်က လူဦးရေ လေးထောင်ကျော်ရှိတဲ့ ရွာကြီးတခုဖြစ်ပြီး တိုက်ပွဲကြောင့် နေအိမ်အဆောက်အအုံတွေ မီးလောင်တာ၊ ထိခိုက်ပျက်စီးတာနဲ့ အိမ်မွေးတိရိစ္ဆာန်တချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းကိုလည်း တိုက်ပွဲစဖြစ်တဲ့ မနေ့ကစလို့ ဒီကနေ့အထိ ယာယီပိတ် ထားရပြီး ပြည်သူတွေအနေနဲ့ ခရီးသွားလာတာတွေ မလုပ်ကြဖို့ကိုလည်း ဒေသခံတွေက အသိပေးထားပါတယ်။
DNA က ဆက်သွယ်ရရှိခဲ့တဲ့ ချောင်းနှစ်ခွမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကတော့ လက်ရှိမှာတိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိကာ တိုက်ပွဲအခြေအနေကြောင့် အသေးစိတ်မဖြေနိုင်သေးဘူးလို့ပြောပါတယ်။
အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားတာမျိုး မရှိပေမယ့် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ရေးသားဖော်ပြကြပါတယ်။
နှစ်ဖက်ထိခိုက်မှုနဲ့ ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိသေးပါဘူး။
ချောင်းနှစ်ခွနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၂ ရက်ကလည်း ချောင်းနှစ်ခွရဲစခန်းနဲ့ တံတားလုံခြုံရေးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက် ခိုက်လို့ ရဲသုံးဦးသေဆုံးကာ လေးဦး ဖမ်းမိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။
ချောင်းနှစ်ခွရွာနယ်မြေရဲစခန်းနဲ့ အတ္ထရံတံတားလုံခြုံရေးဂိတ်စခန်းဟာ စစ်ကောင် စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင် တွေ၊ ကရင်နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့တွေ လုံခြုံရေးယူ ထားတဲ့စခန်းတခုဖြစ်ပါတယ်။
photo- google ( ပုံဟောင်း )