ဆိုမာလီယာ ရေကြီးမှုဟာ ရာစုနှစ်မှာ တကြိမ်လောက်သာ ကြုံရတဲ့ ကပ်ဘေးမျိုးလို့ ကုလသမဂ္ဂ သတိပေး

နိုဝင်ဘာ၊ ၁၁

ဆိုမာလီယာ နိုင်ငံမှာ လက်ရှိ ကြုံနေတဲ့ ရေကြီးမှုတွေဟာ ရာစုနှစ် တခုလောက်မှ တခါလောက် မြင်ရမယ့် သဘာဝ ကပ်ဘေးမျိုးလို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂက ဆိုမာလီယာ ရေဘေးသင့် ပြည်သူတွေကို ကူညီဖို့ ဒေါ်လာ ၂၅ သန်း ရန်ပုံငွေ ထုတ်ပေးခဲ့ပေမယ့် ရာစုနှစ် တခုမှာ တခါလောက်သာ ကြုံရတဲ့ အခြေအနေမျိုးအတွက် လုံလောက်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

 နိုင်ငံရေး အကျပ်အတည်းတွေနဲ့ စစ်သွေးကြွတွေရဲ့ သောင်းကျန်းမှုတွေကြောင့် ရုန်းကန်နေရတဲ့ အာဖရိက ဦးချိုဒေသ နိုင်ငံဟာ သဘာဝ ကပ်ဘေး တခုရဲ့ ဖိနှိပ်မှုကိုပါ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။ ဆိုမာလီယာအပြင် အာဖရိက အရှေ့ဖက်ခြမ်း နိုင်ငံတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့ ကြုံနေရပါတယ်။

 ဆိုမာလီယာက မြို့ရွာ အတော်များများဟာ ရေကြီးမှုဒဏ် ဆိုးဆိုးရွားရွား ခံနေရပြီး လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့သလို ၃ သိန်းကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ပါတယ်။

 ရေကြီးမှုတွေအတွင်း စိုက်ပျိုးမြေ ဧရိယာ ဟက်တာပေါင်း ၁.၅ သန်းလောက်လည်း ပျက်စီးခဲ့တာကြောင့် နောက်ဆက်တွဲ စားနပ်ရိက္ခာ ပြဿနာတွေပါ ကြုံလာရနိုင်တယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP)ကလည်း သတိပေးထားပါတယ်။

 ဆိုမာလီယာလောက် အခြေအနေ မဆိုးပေမယ့် အိမ်နီးချင်း ကင်ညာနဲ့ အီသီယိုးပီးယားတို့မှာလည်း ရေကြီးမှုတွေကြောင့် အသေအပျောက် ဒါဇင်နဲ့ချီ ရှိခဲ့ကြောင်း သိရပါတယ်။