နိုဝင်ဘာ၊ ၁၀
ထိုင်းနိုင်ငံ၊ လယောင်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ MoU လုပ်သား ၁၇ ဦးဟာ စာချုပ်ပါ လုပ်ငန်းနဲ့ ကွဲလွဲနေတဲ့အပြင် လုပ်ခလစာ မရရှိဘဲ ခိုင်းစေခံနေရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ကာယကံရှင်တွေထံက သိရပါတယ်။
” ကျွန်တော်တို့က ဆောက်လုပ်ရေးနဲ့လာတာ။ အဲ့တာကို ဒီရောက်တော့ စူပါမားကတ်မှာ လုပ်ခိုင်းတယ်။ ကျွန်တော်တို့ ကျွမ်းဝင်တဲ့ နယ်ပါယ်မဟုတ်တော့ စိတ်ဓါတ်ကျတာပေါ့ဗျာ ” လို့ MoU လုပ်သား ဦးစန်းမင်းထွန်းက ပြောပါတယ်။
မကွေးမြို့မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဦးစန်းမင်းထွန်းဟာ သူ့ဇနီးနဲ့အတူ ထိုင်းနိုင်ငံမှာ အလုပ်လာရောက်လုပ်ကိုင်တာ ဖြစ်ပါတယ်။
အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသား ခြောက်ဦးပါဝင်တဲ့ မြန်မာလုပ်သားတွေဟာ စက်တင်ဘာလ ၁၈ ရက်က ထိုင်းနိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂ဝ ရက်မှာ ပထုံဌာနီကို အေဂျင်စီက ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပထုံဌာနီမှာ နေရတဲ့ အတောအတွင်း သူတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံနဲ့ပဲ စားဝတ်နေရေးကို ဖြေရှင်းခဲ့ရတဲ့အပြင် လုပ်ငန်းခွင်လည်း မဝင်ရသေးတာကြောင့် အခက်အခဲဖြစ်ခဲ့ရတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။
အဲဒီပထုံဌာနီမှာ ၂၂ရက်ကြာနေပြီးတဲ့နောက် သူတို့ကို အေဂျင်စီကနေ ချွန်ဘူရီခရိုင်ကို ပို့ပေးခဲ့ပြီး စူပါမားကတ်မှာ အလုပ်ပေးခဲ့ပေမယ့် သူတို့ကျွမ်းကျင်တဲ့ နယ်ပါယ်မဟုတ်တာကြောင့် ငြင်းဆိုခဲ့ပြီး ပထုံဌာနီကို ပြန်ခဲ့ပေမယ့် နောက်နေ့မှာပဲ ဘန်ကောက်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ အလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့ အဲ့ဒီ့ဆိုက်မှာ အလုပ်လုပ်တာ ၁၂ ရက်ကြာတော့ လစာမရဘူး။ စားစရာ ပိုက်ဆံလည်း မရှိတော့ဘူး။ ဘယ်အဖွဲ့အစည်းမှလည်း ကျွန်တော်တို့ကို မကြည့်တော့ လကုန်ပြီး နည်းနည်းကြာမှ သူဌေးမကိုမေးတော့မှ ကျွန်တော်တို့ကို ပို့သွားတဲ့ ကားသမားက (ပွဲခ) ဘတ်သုံးသောင်း ထုတ်သွားလို့ လစာမပေးနိုင်ဘူးလို့ ပြောတယ် ” လို့ ဦးစန်းမင်းထွန်းက ပြောပါတယ်။
မကွေးနဲ့ မန္တလေးက အများစုပါဝင်တဲ့ အဲဒီ လုပ်သား ၁၇ ဦးဟာ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း Htet Marn Service Co., Ltd နဲ့ ချိတ်ဆက်ပြီး ဝန်ဆောင်ခ ၂၂ သိန်းပေးကာ ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်သူတွေလည်း ဖြစ်ပါတယ်။
သူတို့ဟာ MOU တရားဝင်လမ်းကြောင်းနဲ့ လာခဲ့ပေမယ့် အဲ့ဒီ့လိုနေထိုင်စရာ အခက်ခဲတွေနဲ့ ကြုံခဲ့သလို သက်ဆိုင်ရာ လုပ်ငန်းခွင်ကို ဝင်တဲ့အခါမှာလည်း လုပ်ခလစာမပေးတဲ့ ခေါင်းပုံဖြတ်မှုတွေကိုလည်း ကြုံနေရတယ်လို့လည်း ဆိုပါတယ်။
” ပြီးတော့လည်း ကျွန်တော်တို့ကို ထားတဲ့နေရာကလည်း စုတ်ပြတ်နေတာပဲဗျာ။ အိမ်သာလို နေရာမျိုးမှာတောင် တံခါးမရှိဘူး။ မိန်းကလေးတွေအတွက်လည်း အဆင်မပြေဘူး။ ကျွန်တော်တို့ ယောင်္ကျားလေးတွေ အတွက်တောင် အဆင်မပြေဘူး ” လို့ ဦးစန်းမင်းထွန်းက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီ MOUလုပ်သားတွေဟာ သူတို့ရဲ့လုပ်ခလစာရရှိဖို့အတွက် မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG)နဲ့ ချိတ်ဆက်ခဲ့ပြီး အေဂျင်စီနဲ့ ချုပ်ခဲ့တဲ့ စာချုပ်ထဲကအတိုင်း တရားမျှတမှုကို ရရှိဖို့ကို စောင့်ဆိုင်းနေတာပါ။
မြန်မာအေဂျင်စီတွေအနေနဲ့ ဝန်ဆောင်ခရယူပြီး MoU အလုပ်သမားတွေကို ထိုင်းနိုင်ငံကို စေလွှတ်နေပေမယ့် အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံရောက်မှ အေဂျင်စီတွေရဲ့ လျစ်လျူရှု့တာ၊ စာချုပ်ပါအလုပ်နဲ့ လစာအတိုင်းမရတာ၊ သူဌေးတွေက ခေါင်းပုံဖြတ်ခြင်းကို မကြာခဏခံနေရပါတယ်။
ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကတော့ ကိုဗစ်ရောဂါ ဖြစ်တာနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုကြောင့် လစဉ် မြန်မာနိုင်ငံသား လေးသောင်းနီးပါး ပြည်ပကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ထားတာပါ။
အဲဒီလိုထွက်ခွာရာမှာ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကုန်ကျစရိတ်မများဘဲ နည်းပညာပိုင်း၊ အတတ်ပညာပိုင်း မလိုအပ်သလို ငွေကြေးသင့်တင့်စွာ ရရှိတဲ့ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်သူ များလာခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ တရားဝင် မြန်မာအလုပ်သမား လေးသိန်းခန့်ရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြထားပေမယ့် တရားမဝင်အလုပ်သမားတွေ ထည့်တွက်ရင် သန်းနဲ့ချီ ရှိနိုင်တယ်လို့ အလုပ်သမားရေးရာ ကျွမ်းကျင်သူတွက ဆိုပါတယ်။
ဒါ့အပြင် ဒီလိုအခြေအနေတွေနဲ့ ပါတ်သတ်ပြီး အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တာဝန်ယူဆောင်ရွက်ပေးတာမျိုး မရှိသေးတာကြောင့် အေဂျင်စီတွေအနေနဲ့ ဒီလိုအမှားမျိုး ဆက်တိုက်ကျူးလွန်နေတာလို့ မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေက သုံးသပ်ထားပါတယ်။
“ ကျွန်တော်ကတော့ မြန်မာပြည်ကနေ လွှတ်လိုက်တဲ့ အေဂျင်စီတွေကို တာဝန်ယူစေချင်တယ်။ အခုကလည်း ဒီအလုပ်သမားတွေကို သူတို့သူဌေးဆီ လာပို့တဲ့သူက စမတ်ကြေး (ပွဲခ)ဘတ်သုံးသောင်း ထုတ်သွားလို့ သူတို့အနေနဲ့ လစာမရဘဲ အလုပ်လုပ်နေရတယ်လို့ ကျွန်တော်ကြားရတယ်။ အဲ့တာမျိုးတွေ မဖြစ်စေချင်ဘူး ” လို့ WAG က တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
ဓာတ်ပုံ – WAG