ဩစတြေးလျမှာ အငြင်းပွားစရာ စာတန်းကြောင့် ခရစ္စမတ် စျေးဝယ်အိတ်တွေ ရောင်းချမှု ရုပ်သိမ်း

နိုဝင်ဘာ၊ ၉

ဂျူးအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုကြောင့် ဩစတြေးလျက စတိုးဆိုင် လုပ်ငန်းစု တခုဟာ ခရစ္စမတ် ကာလအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ စျေး​ဝယ်အိတ်တွေကို အွန်လိုင်းမှာ ရောင်းချနေရာကနေ ပြန်လည် ရုပ်သိမ်းခဲ့ရပါတယ်။

ခရစ္စမတ် ကာလမှာ အစားအသောက်တွေ ဝယ်ယူ ထည့်သွင်းဖို့ အဓိက ထုတ်လုပ်ထားတဲ့ အဝတ် လက်ဆွဲအိတ်တွေမှာ Merry Ham-Masဆိုတဲ့ စကားလုံးကို ခရစ္စမတ် အဆင်အပြင်တွေနဲ့ ရိုက်နှိပ်ထားပါတယ်။ အဲဒီပုံစံက အစ္စရေးနဲ့ လတ်တလော စစ်ခင်း တိုက်ခိုက်နေတဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကို ကောင်းချီးပေးသလို ဖြစ်နေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့နောက် Kmartက အိတ်တွေကို ဆက်မရောင်းတော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အိတ်ရဲ့ ဒီဇိုင်းနဲ့ ပတ်သက်လို့ ဩစတြေးလျ ဂျူးအသိုက်အဝန်းကြားမှာ အတော်လေး ဆူဆူညံညံ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။ Ham-Masဆိုတဲ့ စကားလုံးဟာ ဟားမားစ်ရဲ့ အသံထွက်နဲ့ တူနေတာကြောင့် ဂါဇာ ကမ်းမြှောင်ဒေသမှာ လက်ရှိ စစ်မီးတောက်လောင်နေချိန်မျိုးမှာ ဒီကိစ္စက အငြင်းပွားစရာတွေ ဖြစ်လာခဲ့ပါတယ်။ ဟားမားစ်ကို ဩစတြေးလျနဲ့ နိုင်ငံတချို့မှာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။

အစားအသောက်ထည့်တဲ့ လက်ဆောင်အိတ်တွေကို တာဝန်ယူ ချုပ်လုပ်ပေးခဲ့တဲ့ Wesfarmers ကုမ္ပဏီက သူတို့ဟာ ဒီဇိုင်နာတွေကို Ham (ဝက်ပေါက်ခြောက်)တွေကို ရေရှည် လတ်ဆတ်နေစေမယ်ဆိုတဲ့ စကားနဲ့ Christmas (ခရစ္စမတ်)တို့ကို ပေါင်းစည်းထားတဲ့ စိတ်ကူးမျိုး ဖန်တီးစေခဲ့ပေမယ့် အခုလို မလိုလားစရာတွေ ဖြစ်လာတာလို့ ရှင်းပြခဲ့ပါတယ်။

ထုတ်ကုန်မန်နေဂျာတွေထဲက တယောက်ယောက်ဟာ ကုမ္ပဏီကို အရှက်ရအောင် တမင်လုပ်ခဲ့သလားလို့တောင် သံသယ ရှိမိကြောင်း၊ နောက်ပိုင်းမှတော့ Westfarmersကို အဲဒီ ထုတ်ကုန် ရောင်းချမှုတွေ ဝက်ဘ်ဆိုက်ကနေ ဖယ်ရှားပေးဖို့ ယဉ်ယဉ်ကျေးကျေး မေတ္တာရပ်ခံခဲ့ကြောင်း Kmartကလည်း သီးခြား ထုတ်ပြန်ပါတယ်။

အခုလို အလွဲအချော် ဖြစ်သွားတာနဲ့ ပတ်သက်လို့ Kmartရော၊ Westfarmersကပါ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။