မုံးကိုးမြို့ အုပ်ချူပ်ရေး လုပ်ငန်းတွေ စတင်နေပြီလို့ MNDAA ဆို

နိုဝင်ဘာ၊ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်က  မုံးကိုးမြို့ကို အလုံးစုံ ထိန်းချူပ်နိုင်ခဲ့ပြီး လက်တလော မြို့တွင်း ရှင်းလင်းရေး လုပ်ငန်းတွေ နဲ့ အုပ်ချူပ်ရေး လုပ်ငန်းတွေ စတင်နေပြီလို့ ကိုးကန့်တပ် (MNDAA) ပြောခွင့်ရ လီကျာဝင်းက DNA ကိုပြောပါတယ်။

မုံးကိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေ အပြင် အရေးပါတဲ့ စစ်တပ်ဗျူဟာကုန်းတွေကို ကိုးကန့်တပ်က သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် အခုလို မြို့ကို အလုံးစုံထိန်းချူပ်နိုင်ခဲ့တာလို့ သူကဆိုပါတယ်။

“မနေ့ကပဲ မုံးကိုးဗျူဟာကုန်းကို သိမ်းပိုက်ပြီး ညနေပိုင်းလောက်မှာပဲ မုံးကိုးမြို့ကို ရှင်းလင်းရေးတွေ စတင်လုပ်ဆောင်ပေးတာပေါ့နော်၊မြို့တွင်းကိုတော့ကျွန်တော်တို့ ထိန်းချူပ်ထားနိုင်တယ် ” လို့ သူကပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း ကိုးကန့်ဒေသထဲက စစ်စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ အကြိမ်များစွာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် MNDAA တပ်တွေပြန်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။

မုံးကိုးမြို့ကို တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီကလည်း တိုက်လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ တချို့ တရုတ်ပြည်ဘက်နဲ့ နီးစပ်ရာ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မုံးကိုးမြို့က စစ်တပ်ရဲ့ ဗျူဟာကုန်းကို ကိုးကန့်တပ်ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေက ဒီလ ၅ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး မနေ့က ညနေပိုင်းမှာတော့ ဗျူဟာကုန်းကို ရရှိခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA) ကထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကား တစီးအပြင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ကိုးကန့်တပ်က ရုပ်သံ နဲ့တကွ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီတပ်ရဲ့ အဲဒီဗျူဟာကုန်းကို တိုက်ခိုက်နေစဉ်အတွင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်နက်ဂိုထောင်ပေါက်ကွဲကာ ဗျူဟာကုန်းကို ကွပ်ကဲနေတဲ့ တပ်မ(၉၉)  တပ်မမှူး ဗိုလ်မှူးချူပ် အောင် ကျော်လွင် သေဆုံးခဲ့တယ်လို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ထားပါသေးတယ်။

ဗိုလ်မှူးချူပ်အောင်ကျော်လွင် သေဆုံးတာနဲ့ပက်သက်ပြီး တပ်တွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်နဲ့ CDM စစ်တပ်အရာရှိတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး သတင်းမီဒီယာတချို့က အတည်ပြု ရေးသားနေကြပေမယ့် စစ်ကောင်စီတပ်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ တစုံတရာ ထုတ်ဖော် ပြောဆိုထားတာမျိုးမတွေ့ရသေးပါဘူး။

ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နှစ်ပတ်တာကာလအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်မြို့ အပါအ၀င် အခု မုံးကိုးမြို့တွေကို ကိုးကန့်တပ် (MNDAA)ဦးဆောင်တဲ့မဟာမိတ်တပ်တွေက တိုက် ခိုက်သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် တအာင်းတပ်(TNLA)ဦးဆောင်တဲ့မဟာမိတ်တပ်တွေကလည်း နမ့်ခမ်း၊ သိန္နီမြို့တွေက စစ် ကောင်စီတပ်စခန်းတွေနဲ့ ဌာနဆိုင်ရာ ရုံးအားလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ဆိုထားပါတယ်။