ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို အချည်းနှီးမဖြစ်စေရေး ဆက်လက် ထိန်းသိမ်းသွားမယ်လို့ CRPH ပြော

နိုဝင်ဘာ၊ ၈
 
ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ရွေးကောက်ပွဲတွေကနေ ပေါ်လာတဲ့ ပြည်သူ့ဆန္ဒကို အချည်းနှီး မဖြစ်စေရေး ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ထုတ်ပြန်ပြောဆိုပါတယ်။
 
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (၃) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို ထည့်သွင်းဖော်ပြထားတာပါ။
 
မြန်မာပြည်သူတွေဟာ ဒီမိုကရေစီကို ပြင်းပြစွာ လိုလားနေကြောင်း သဘောထားဆန္ဒတွေကို ရွေးကောက်ပွဲကတဆင့် ပြတ်သားရှင်းလင်းစွာ ပြခဲ့ပေမယ့် စစ်ခေါင်းဆောင်တွေက လူထုဆန္ဒကို ဆန့်ကျင်ပြီး နိုင်ငံတော်အာဏာကိုဥပဒေမဲ့ လုယူခဲ့ကြတယ်လို့ CRPH က ဝေဖန်ထားပါတယ်။
 
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ လွတ်လပ်မှု၊ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးတို့ကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းမှုမှာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဆက်လက်ပါဝင်သွားမယ်လို့ CRPH က ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ပါတီက ၈၂ ရာခိုင်နှုန်းကျော်နဲ့ မဲအများဆုံး အနိုင်ရခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ ၇ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့ပါတယ်။
 
ဒါပေမယ့် စစ်ခေါင်းဆောင်တွေကတော့ ရွေးကောက်ပွဲမှာ မဲမသာမာမှုတွေ ရှိတယ်လို့ အကြောင်းပြပြီး ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ခေါ်ယူခါနီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့တာပါ။
 
အာဏာသိမ်း စစ်ကောင်စီရဲ့ ဟန့်တားနှောင့်ယှက်မှုတွေကြားကနေ ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ လွှတ်တော်ခေါ်ယူကျင်းပနိုင်ခဲ့တဲ့အပြင် တော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးတိုင်ပင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်လို့ CRPH က ဆိုပါတယ်။
 
တဖက်မှာတော့ စစ်ကောင်စီအနေနဲ့ ပြည်သူ့ဘဏ္ဍာအရင်းအမြစ်တွေကို အသုံးချပြီး အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပေမယ့် သူတို့ မျှော်မှန်းထားသလို တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့အပြင် ထိန်းချုပ်နယ်မြေတွေကို တနေ့တခြား လက်လွှတ်ဆုံးရှုံးနေရတယ်လို့လည်း CRPH ရဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။
 
အလားတူပဲ စစ်ကောင်စီအနေနဲ့ ထွက်ပေါက်ပိတ်နေတဲ့ သူတို့ရဲ့ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ဖို့နဲ့ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ပေးခံရမှုမှ ရှောင်ရှားနိုင်ဖို့ ရွေးကောက်ပွဲ ဖန်တီးပြီး နိုင်ငံတကာကို လှည့်စားဖို့ အားထုတ်နေပေမယ့် အဲဒီရွေးကောက်ပွဲက ပဋိပက္ခတွေကိုသာ ပိုတိုးလာစေလိမ့်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
မြန်မာ့နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ဖို့ကတော့ စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရမှာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း မြန်မာနိုင်ငံရေးပြဿနာ ဖြေရှင်းရေးမှာ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ထိရောက်တဲ့ အကူအညီတွေပေးဖို့ CRPH က တောင်းဆိုထားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေး နည်းလမ်းတွေနဲ့ အရှိန်တိုးမြှင့် ဖိအားပေးနိုင်ရန် ကြိုးပမ်းနေတဲ့ ၁၀၂၇ စစ်ဆင်ရေး အပါအဝင် နိုင်ငံတဝှမ်းက တော်လှန်ရေးအဖွဲ့အစည်းတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကြံ့ကြံ့ခံကာ တော်လှန်ရေးမှာ တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက်ပါဝင်နေတဲ့ တိုင်းရင်းသားပြည်သူတွေကိုလည်း လေးစားဂုဏ်ပြုကြောင်း CRPH က ထုတ်ပြန်ပြောဆိုထားပါတယ်။
 
ဓာတ်ပုံ – BBC