မွေးနေ့လက်ဆောင်ရတဲ့ လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် ယူကရိန်း စစ်အရာရှိတဦး သေဆုံး

နိုဝင်ဘာ၊ ၈

မွေးနေ့လက်ဆောင်အဖြစ် ရခဲ့တဲ့ လက်ပစ်ဗုံးတလုံး ထပေါက်လို့ ယူကရိန်း စစ်တပ် အကြီးအကဲရဲ့ အနီးကပ် အရာရှိ တဦး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၃၉ နှစ်အရွယ် ဗိုလ်မှူး ဟန်နာဒီ ချက်စ်တီယာကော့ဗ် ဖြစ်ပြီး ယူကရိန်း စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလုဇ်နီရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တယောက်အဖြစ် လူသိများပါတယ်။ သူဟာ မွေးနေ့မှာ ရခဲ့တဲ့ လက်ဆောင်ထုပ်တွေနဲ့အတူ တိုက်ခန်းကို ပြန်လာပြီး သားဖြစ်သူနဲ့အတူ ဖွင့်ဖောက်ကြချိန်မှာ လက်ပစ်ဗုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ချက်စ်တီယာကော့ဗ်က ပွဲချင်းပြီး သေဆုံးသွားပြီး ၁၃ နှစ်အရွယ် သားဖြစ်သူက အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

လက်ပစ်ဗုံးကို မွေးနေ့လက်ဆောင်အဖြစ် လုပ်ဖော်ကိုင်ဖက် တဦးက သဘောရိုးနဲ့ ထည့်ပေးလိုက်ပေမယ့် ချက်စ်တီယာကော့ဗ်ရဲ့ သားဖြစ်သူက စနက်တံကို ဆွဲလှည့်လိုက်မိလို့ အဖြစ်ဆိုး ကြုံသွားတာလို့ ပြည်ထဲရေး ဝန်ကြီး အီဟော် ကလီမန်ကိုက ပြောပါတယ်။

ချက်စ်တီယာကော့ဗ်ဟာ သားဖြစ်သူ လက်ထဲက လက်ပစ်ဗုံးကို လှမ်းယူပြီး ဖယ်ရှားဖို့ ကြိုးစားချိန် ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ နောက်ပိုင်းမှာတော့ အစိုးရ ရှေ့နေတွေက ပြန်လည် ရှင်းလင်းခဲ့ပါတယ်။ ဖြစ်စဉ် တခုလုံးဟာ ကြေကွဲစရာ မတော်တဆမှု သက်သက်လို့လည်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယူကရိန်း စစ်တပ်မှာတော့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို မွေးနေ့လက်ဆောင် ပေးကြတာက ပုံမှန် အခြေအနေမျိုးလို့ ဆိုနိုင်ပြီး အခင်းဖြစ်ရာ တိုက်ခန်းထဲမှာ နောက်ထပ် မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံး ၅ လုံးကိုပါ ရှာတွေ့ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဇာလုဇ်နီကတော့ ချက်စ်တီယာကော့ဗ် ကွယ်လွန်သွားမှုဟာ သူ့အတွက် အယုံကြည်ရဆုံး လက်ရုံးတဦး ဆုံးရှုံးမှု ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

 

Ref: BBC