ကသာနဲ့ ထီးချိုင့်မြို့က ဌာနဆိုင်ရာ၀န်ထမ်းတွေ စစ်တပ်၀န်းအတွင်းပြောင်းရွေ့၊ မြို့ခံတချို့လည်း နေရပ်စွန့်ခွာနေ

နိုဝင်ဘာ၊ ၇

စစ်ကိုင်းတိုင်း အထက်ပိုင်းကောလင်းနဲ့ ကလေးခရိုင်တွေအတွင်း စခန်းသိမ်းတိုက်ပွဲတွေဆက်တိုက်ဖြစ် ပြီးနောက် ကသာခရိုင်အတွင်း မြို့တချို့မှာလည်းအလားတူတိုက်ပွဲတွေဖြစ်လာမှာစိုးရိမ်တာကြောင့် ဌာ နဆိုင်ရာဝန်ထမ်း တွေဟာ ရဲစခန်းနဲ့စစ်တပ်စခန်းတွေထဲ ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

ကောလင်းမြို့ရဲ့အရှေ့ဘက် ဧရာဝတီမြစ်အနောက်ဘက်ကမ်းက ထီးချိုင့်မြို့မှာတော့ ဌာနဆိုင်ရာ ဝန် ထမ်းတွေ ဟာ မြို့အရှေ့ဘက်တောင်ကုန်းပေါ်က စစ်ကောင်စီရဲစခန်းထဲ ပြောင်းရွှေ့နေထိုင်ကြသလို မြို့ခံတချို့လည်း နေ ရပ်စွန့်ခွာသွားကြတယ်လို့ မြို့တွင်းမှာပဲဆက်လက်နေထိုင်နေတဲ့ ထီးချိုင့်မြို့ခံ အမျိုးသားတဦးက DNAကို ပြောပါတယ်။

“ထွေအုပ်ရုံးတို့ ဆေးရုံကဟာတွေကို ရဲစခန်းတောင်ကုန်းပေါ် အကုန်ခေါ်တင်သွားတယ်၊မြို့ထဲမှာတော့ ကင်းပုန်း တွေ ချထားတယ်၊တမြို့လုံးတော့ ခြောက်ကပ်နေတယ်၊စျေးတွေကလည်း အကုန်ပိတ်သွားပြီ၊ ငါးရက်ပိတ်တယ်လို့ သတင်းထွက်တာ” လို့ သူကပြောပါတယ်။

လက်ရှိထီးချိုင့်မြို့ပေါ်မှာ မနေ့ကစလို့ စာသင်ကျောင်းတွေပိတ်ထားသလို ဈေးဆိုင်တွေလည်း အားလုံးနီးပါး ပိတ် ထားပြီး မြို့ကိုစွန့်ခွာသွားသူတွေကတော့ ဒီကနေ့အထိ ရှိနေတယ်လို့သိရပါတယ်။

“ကျန်တောင် အိမ်စောင့်အနေနဲ့ အနည်းငယ်ပဲ ကျန်ခဲ့မယ်၊ကျောင်းဆရာ၊ ဆရာမတွေလည်း သူတို့နီးစပ်ရာတွေကို ပြောင်းသွားကြပြီ၊ကျောင်းတွေလည်းအကုန်ပိတ်ထားတယ် ” လို့ထီးချိုင့်မြို့ခံကဆက်ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နဲ့နီးစပ်တဲ့ ကသာမြို့မှာလည်း စစ်ကောင်စီတပ်က သူတို့၀န် ထမ်းတွေကို စစ်တပ်၀န်းအတွင်း ခေါ်ယူထားပြီး မနေ့က မနက်ပိုင်းကစပြီး စာသင်ကျောင်းတွေပိတ်လိုက် တယ် လို့ ဒေသခံတဦး ကပြောပါတယ်။

“ဌာနဆိုင်ရာ အများစု အရေးကြီးတဲ့ ဌာနနေမှာပေါ့၊ ရဲစခန်းတွေ မြန်မာစီးပွားရေးဘဏ်၊အဲဌာနတွေကသူတို့မိ သားစု၀င်တွေကို တပ်ထဲမောင်းသွင်းထားတယ်၊မနေ့က ကျောင်းတွေကို ရက်မပြောဘဲ ပိတ်ချလိုက်တယ်၊ နယ် ဖက်ကနေ မြို့ပေါ်ကျောင်းထားတဲ့ သူတွေလည်း အကုန်ပြန်သွားကြတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်က ကသာမြို့ကို လုံခြုံရေးအင်အားတိုးမြင့်ထားပြီး တပ်စခန်းတွေကိုလည်းခံစစ်ပြင်နေသလို မြို့ပတ်ချာလည်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေလည်းရှိနေတယ်လို့ဆိုပါတယယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်အတွင်း ကသာ၊ထီးချိုင့်၊ဗန်းမောက်၊အင်းတော် စတဲ့မြို့နယ်တွေပါဝင်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အဲ့ဒီမြို့နယ်တွေမှာ KIA ၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်း တပ်တွေကြား တိုက်ပွဲတွေမကြာမကြာဖြစ်လေ့ရှိပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ကောလင်းမြို့ကိုမနေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကသာ၊ အင်းတော်နဲ့ ထီးချိုင့် မြို့တွေကိုပါ တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတွေက နေရပ်စွန့်ခွာ ထွက်ပြေး နေကြသလို စစ်ကောင်စီကလည်း ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတာလို့ဆိုပါတယ်။

အင်းတော်မြို့မှာလည်း မြို့ဦးစေတီ၊ဝန်ထမ်းအိမ်ယာသုံးထပ်ဆောင်၊ဆေးရုံအပေါ်ထပ်တွေအပါအဝင် မြို့တွင်းက အထပ်မြင့် တိုက်တွေပေါ်မှာ စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်နေရာယူထားတယ်လို့ ဒေသတွင်းအခြေအနေတွေ ဖော်ပြပေးနေတဲ့ Indaw Revolution-IR ကဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကနေ့နေ့လယ် နှစ်နာရီဝန်းကျင်လောက်က အင်းတော်မြို့အနီး နန်းခင့်နဲ့ နဘားအနောက်ဘက် တောင် ကြားဒေသမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သေးတယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းကောလင်းမြို့ကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)လက်အောက်ခံ တပ်တွေနဲ့ မ ဟာမိတ်တပ်တွေက မနေ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ ငါးဆယ်လေးလက်နဲ့ခဲယမ်းတွေ သိမ်းဆည်း နိုင်ခဲ့ တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

မြောင်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့က ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နိုဝင်ဘာ ၃ရက်ကစလို့ စစ် ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်လာတာပါ။