သံချပ်ကား ခုနှစ်စီးသိမ်းဆည်းရမိပြီး ပြန်သုံးနိုင်အောင်လုပ်နေတယ်လို့ ကိုးကန့်တပ်ဆို

နိုဝင်ဘာ၊ ၇

မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်တာကာလအတွင်း စစ်ကောင်စီရဲ့ သံချပ်ကာ ကားခုနှစ်စီးကို သိမ်းဆည်းရရှိထားတယ်လို့ ကိုးကန့်တပ် ( MNDAA) အဖွဲ့ရဲ့ ပြောခွင့်ရ လီကျားဝင်းက DNA ကိုပြောပါတယ်။

ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)၊ ရခိုင့်တပ်တော်(AA)နဲ့ တပ်ပေါင်းစုရဲ့ အောက်တိုဘာလ ၂၇ ရက်မှာစတင်တဲ့ စစ်ဆင်ရေးကာလအတွင်း သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာကားတချို့ကို ပြန်လည်အသုံးပြုရဖို့ လုပ်နေတယ်လို့ သူကဆိုပါတယ်။

“ အခုပြန်သုံးလိုရတာကတော့ နှစ်စီး သုံးစီးလောက်ရှိပြီးတော့ ကျန်တဲ့ဟာတွေကိုတော့ ဆက်လက်ပြန်သုံးလိုရအောင် လုပ်ဆောင်နေကြပါတယ် “ လို့ လီကျားဝင်းက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ လောင်ကိုင်မြို့ကြား မုံးကိုးမြို့အနီးမှာရှိတဲ့  မုံးကိုးဗျူဟာကုန်းကို ဒီကနေ့ နေ့ခင်းပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကာ ကားတစီးနဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိထားတယ်လို့ ကိုးကိုးကန့်တပ် (MNDAA ) ကထုတ်ပြန်ထားပါတယ်။

ညီနောင်သုံးဖွဲ့က ရရှိထားတဲ့ စစ်ကောင်စီတပ်ရဲ့ တင်ကားတွေဟာ ယူကရိန်းနိုင်ငံထုတ် MT-MBMSh လို့ခေါ်တဲ့ တိုက်ခိုက်ရေးသုံး တင့်ကားတွေပါဝင်နေတယ်လို့ ယူကရိန်းအခြေစိုက် ilitarnyi စစ်ရေးစာစောင်ရဲ့ဖော်ပြချက်ကို ကိုးကားပြီး RFA သတင်းဌာနက ဖော်ပြထားပါတယ်။

“ ဒီနေ့ မှာစတိုက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီနေ့လယ်ပိုင်းမှာ မုံးကုန်းဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်အဲမှာ တင့်ကားကို ရရှိခဲ့တာပါ “ လို့ လီကျားဝင်းက ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့မှာပဲ MNDAA အနေနဲ့ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်တို့ အတွင်းက တပ်စခန်း ငါးခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ သံချပ်ကာနှစ်စီးကိုလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလိုပဲဖောင်းဆိုင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းတခုကို အောက်တိုဘာလ ၃၀ ရက်မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး သံချပ်ကာကား နှစ်စီးနဲ့  ၃၁ ရက်မှာ တစီးထပ်မံရရှိခဲ့တာပါ။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကား ခုနှစ်စီးအထိရရှိထားတယ်လို့ ကိုးကန့်တပ်ပြောခွင့်ရှိသူကအတည်ပြုထားပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်သားတွေက စစ်ကောင်စီတပ်စခန်းတွေက သိမ်းဆည်းရမိတဲ့ တင့်ကားတစီးကိုေ မာင်းနှင်ပြီး လိုက်ပါစီးနင်းအောင်ပွဲခံနေတဲ့ စက္ကန့်ပိုင်းမျှသာရှိတဲ့ ဗီဒီယိုဖိုင်တခုကိုလည်း မကြာသေးခင်က ထုတ်ပြန်ခဲ့ပါသေးတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းမှာ အဓိကျတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ချင်းရွှေဟော်၊ မူ ဆယ်စတဲ့မြို့နယ်တွေမှာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေလုပ်နေတာပါ။

ညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့တော်လှန်ရေးမဟာမိတ်တပ်တွေဟာ အောက်တိုဘာ ၂၇ ရက်က စခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်း ရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်းနဲ့ သိန္နီမြို့တို့ကို သိမ်း ပိုက်ကာ အပြည့်အဝထိန်းချုပ်ထားနိုင်သလို ကွမ်းလုံနဲ့ နမ့်ခမ်းမြို့တွေကိုပါ အလုံးစုံထိန်းချုပ်နိုင်ဖို့ ကြိုးစားနေ တာလို့ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ မဟာမိတ်အဖွဲ့တွေဟာ စစ်ကောင်စီစခန်းပေါင်း ၁၂၀ ကျော်အပါအဝင် စစ်သုံ့ပန်းတွေ ဖမ်းမိထားသလို လေယာဉ်ပစ်စစ်သေနက်တွေအပါအဝင် လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်း ရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။