နမ့်ခမ်းမြို့လယ်ဘုရားထဲ ပုန်းခိုနေတဲ့ စစ်ကောင်စီတပ်ကို အပြီးသတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA အသိပေး

နို၀င်ဘာ ၊ ၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင်းက ဌာနဆိုင်ရာရုံးတွေကို မဟာမိတ်တပ်တွေက သိမ်းပိုက်ပြီးနောက် မြို့လယ်ဘုရားဝန်းထဲ ပုန်းခိုတပ်စွဲနေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကို ဒီကနေ့မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲကနေ လက်နက်မျိုးစုံ ၂၈ လက်၊ ပစ္စတို တလက်နဲ့ စစ်အသုံးအဆောင်တွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ မြို့လယ်ဘုရားမှာ တိုက်ပွဲတွေ ဖြစ်သွားတယ်လေ၊ ငါတို့အိမ်တွေလည်း လက်နက်ကြီးမှန်လို့ ပျက်စီးသွားတယ်၊ တ မြို့လုံးလည်း အကုန် အပြင်မထွက်ရဲကြဘူး၊ ပိတ်ထားရတယ်၊ တချို့ကလည်း မြို့ကနေ ထွက်သွားကြပြီ ” လို့ နမ့်ခမ်းမြို့ခံတဦးက DNA ကိုပြောပါတယ်။
နမ့်ခမ်းမြို့လယ် ဘုရားဝန်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေတွေကိုတော့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားတာမရှိပါဘူး။ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ မြို့ခံတချို့က ပြောပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
နမ့်ခမ်းမြို့က မြို့နယ်တရားရုံး၊ စစ်ကောင်စီတပ်စခန်းတွေ ရဲစခန်းတွေနဲ့ တခြားဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်ထားနိုင်တယ်လို့ TNLA က ထုတ်ပြန်ထားသလို ဒေသခံတွေကလည်း အတည်ပြုထားပါတယ်။
ရှမ်းမြောက်ဒေသမှာ ပြီးခဲ့တဲ့လ ၂၇ ရက်ကစလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နေတာပါ။
အဲဒီစစ်ဆေးရေးနဲ့အတူ မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေပြီး စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေ သိမ်းပိုက်ခံရတာတွေ ရှိနေသလို မနေ့ကတော့ ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
 
ဓာတ်ပုံ – TNLA