ရခိုင်မှာ စစ်တပ်က ခံစစ်အဓိကထား ပြင်ဆင်နေ၊ လေကြောင်းပါ အသင့်ပြင်ထား

နိုဝင်ဘာ၊ ၆

ရှမ်းမြောက်တိုက်ပွဲတွေမှာ တပ်စခန်းတရာကျော် ဆက်တိုက် သိမ်းပိုက်ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းရှိ တပ်ရင်း၊ တပ်စခန်းတွေမှာ စခန်းပတ်လည် မြောင်း၊ ကတုတ်ကျင်းတွေ တူးပြီး ခံစစ်အနေအထား အဆင်သင့်လုပ်နေကြတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

“စခန်းသေး၊ စခန်းကြီးအကုန်လုံးမှာ ပတ်လည် မြောင်းတွေ တူးနေကြတာ လူတရပ်မကဘူး၊ ဘန်ကာ တွေ လည်း ထပ်လုပ်တယ်။ တိုက်ပွဲဖြစ်ရင် စခန်းမကျဖို့ ခံစစ်ကိုပဲ အဓိက လုပ်ရမယ့် အခြေအနေဖြစ်နေပြီလေ’’ လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ရခိုင်လူမျိုး တပ်အရာရှိဟောင်းတဦးက DNA ကို ပြောပါတယ်။

‘’ ဟိုဘက်ကတိုက်ပွဲတွေကြောင့် ကြောက်ပြီး အသည်းအသန် လုပ်နေကြတာ”လို့ ဖြည့်စွက်ပြောပါတယ်။

ပြီးခဲ့တဲ့ တိုက်ပွဲကာလတုန်းက တပ်ရင်းစခန်းကုန်းအပါအဝင် တပ်စခန်းဆယ်ခုကျော်လက်လွှတ်ခဲ့ရတဲ့ နယ်စပ်မောင်တောမြို့နယ်မှာ အဓိကပြင်ဆင်နေတာဖြစ်ပြီး ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့မှာလည်း စစ်ရေးလှုပ်ရှားပြင်ဆင်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 ရခိုင်မှာ အရင်တိုက်ပွဲတွေအတွင်း သေသွားခဲ့သူတွေ၊ တိုက်ပွဲရပ်ထားချိန် ထွက်ပြေးသွားခဲ့ကြသူတွေ အများအပြားရှိခဲ့ပြီး  လူအင်အားလည်း နည်းသွားပြီဖြစ်လို့ စစ်ကောင်စီတပ်ဟာ ခံစစ်ကို ဦးစားပေးပြင်ဆင်နေတာဖြစ်တယ်လို့ စစ်တပ်အရာရှိဟောင်းက ပြောပါတယ်။

“ဒီတကြိမ်တိုက်ပွဲဖြစ်ရင်တော့ စစ်တပ်က အရင်လို ထိုးစစ်တွေ လုပ်နိုင်တော့မှာမဟုတ်ဘူ။ ဒီကောင်တွေ ထုံးစံအတိုင်း လေယာဉ်နဲ့ လက်နက်ကြီးနဲ့ ပစ်မှာပဲ။ အခုကတည်းကတောင် ရဟတ်ယာဉ်တွေ အဆင်သင့်လုပ်ထားပြီလို့ သိရတယ်”လို့ အဲဒီစစ်ကောင်စီတပ်အရာရှိဟောင်းက ဆိုပါတယ်။

အဲဒီလို ခံစစ်အနေအထားပြင်ဆင်တာအပြင် ရှေ့တန်းစခန်းတွေဆီလည်း ကုန်းကြောင်း၊ ရေကြောင်းတို့မှတဆင့် လက်နက်ကြီး၊ လက်နက်ငယ်တွေ အမြောက်အမြား  ဖြည့်တင်း၊ ပေးပို့နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ဒီရက်ပိုင်းမှာတောင် စစ်ကားအစီး လေး၊ ငါးဆယ် တက်သွားတာရှိတယ်။ (မောင်တော)မြောက်ပိုင်းက စခန်းတွေကို ပို့တာ”လို့ မောင်တောဒေသခံတဦးက ပြောပါတယ်။

 သံချပ်ကာယာဉ်တွေ၊ စစ်ရေယာဉ်တွေလည်း အသွားအလာ ဆက်တိုက် ရှိနေတယ်လို့လည်း ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခု နှစ်ဆန်းပိုင်းမှာ စဖြစ်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေအတွင်း ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း သုံးဆယ်ဝန်းကျင်ကို ရခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိခဲ့ပါတယ်။

အများစုဟာ မြန်မာ – ဘင်္ဂလားဒေရှ့်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းမှ စခန်းတွေ ဖြစ်ကြတာ တွေ့ရပါတယ်။

အဲဒီတကျော့ပြန်တိုက်ပွဲတွေဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှာ အလွတ်သဘောနဲ့ ရပ်စဲခဲ့ကြပြီး ရခိုင်ပြည်နယ်အတွင်းမှ စစ်ကောင်စီတပ်သားတွေကို ပြည်မဘက် စစ်ဒေသတွေဆီ ရွှေ့ပြောင်းခဲ့ပါတယ်။

မိုခါမုန်တိုင်းအလွန်မှာတော့ ကယ်ဆယ်ရေးပစ္စည်းတင်ယာဉ်တွေနဲ့ ကြားညှပ်ကာ ရခိုင်ပြည်နယ်တွင်းသို့ စစ်ကောင်စီတပ်သားတွေ ပြန်သွင်းခဲ့တယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။