သထုံမှာ နွားစာရိတ်သွားသူ သုံးဦး မိုင်းနင်းမိလို့ သေဆုံး

နိုဝင်ဘာ၊ ၆
 
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ အပြင်မှာ နိုဝင်ဘာလ ၅ ရက်၊ မနေ့ ညနေပိုင်းမှာ နွားစာရိတ်သွားတဲ့ လူငယ်သုံးဦး မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
 
“ ညနေပိုင်းလောက်မှ တွေ့ရတာ၊ ကလေးတွေရဲ့ ခန္ဓာကိုယ်တခုလုံးကလည်း စုတ်ပြတ်သွားတာပဲ ” လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။
 
မိုင်းနင်းမိလို့ သေဆုံးသွားတဲ့သူတွေဟာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ ဆယ်နှစ်ကျော်အရွယ် ကလေးနှစ်ဦးတို့ဖြစ်ပြီး သူတို့သုံးဦးစလုံးဟာ ဆွေမျိုးတော်စပ်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
 
သူတို့သုံးဦးဟာ အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ထောင်ထားတဲ့ မိုင်းနင်းမိလို့ ခြေထောက်၊ ဦးခေါင်း၊ လက်နဲ့ ခန္ဓာကိုယ်အနှံ့မှာ အသားစကြွေမွပေါက်ပြဲဒဏ်ရာတွေနဲ့ အခင်းဖြစ်ရပ်နေရာမှာ သေဆုံးသွားတာလည်း ဖြစ်ပါတယ်။
 
“ အကြီးဆုံးတယောက်က နွားစာအတွက် မြက်သွားရိတ်တာ။ အဲ့ဒါကလေးနှစ်ယောက်ကလည်း လိုက်သွားတာမှာ မိုင်းနင်းမိတာတဲ့။ အလောင်းကို တွေ့တဲ့အချိန်မှာ သေနေပါပြီ ” လို့ အမည်မဖော်လိုတဲ့ ဒေသတွင်း လှုမူကူညီရေး အသင်းဝင်ဦးက DNA ကို ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၀၂၁ ခုနှစ်မှာ ၂၈၈ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၃၉ဝ ဦးနဲ့ ဒီနှစ် ပထမခြောက်လမှာ ၅၅၆ ဦးအထိ ရှိလာပြီး သုံးပုံတပုံကတော့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။
 
မွန်ပြည်နယ်မှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် လူ ၁၅ ဦးနီးပါး သေဆုံးထားရပြီး အများဆုံးကတော့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေး မြို့နယ်တို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတခုခု ဖြတ်တောက်လိုက်ရသူ ဆယ်ဦးထက်မနည်းရှိပြီး ပွန်းပဲ့ထိခိုက်ဒဏ်ရာ အနည်းအငယ်ရရှိခဲ့တဲ့ သူတွေက နှစ်ဆယ်ဦးဝန်းကျင်ရှိတယ်လို့ DNA က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
အခုလို ဖြစ်ရပ်မျိုးဟာ ကင်မွန်းခြုံကျေးရွာမှာ အရင်က ဖြစ်ပွားခဲ့ဖူးခြင်း မရှိသလို အခုမြေမြုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ကျေးရွာအနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားသွားလာမှုတွေ ရှိပါတယ်။
 
မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်းအသုံးပြုခြင်းကို တားဆီးပိတ်ပင်ထားတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးတာ မရှိပါဘူး။
 
မြေမြှုပ်မိုင်းကို စစ်ကောင်စီတပ်သာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကပါ အသုံးပြုနေကြပါတယ်။
 
“ မဖြစ်သင့်ဘူးလေ။ ရွာမှာက ဒီလိုပဲ နွားကျောင်းထွက်တာ၊ နွားစာအတွက် ထွက်ရိတ်တာတွေ ရှိနေတာပဲ။ ဘာဖြစ်လို့ မိုင်းထောင်ရတာလဲ။ ဒီလိုမျိုးတွေလုပ်တော့ ကျွန်မတို့ ပြည်သူတွေပဲ ထိခိုက်သေဆုံးရမှာပါ။ ဒီလိုမျိုးလည်း မဖြစ်စေချင်တော့ဘူး ” လို့ အထက်ပါဒေသခံက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media