တရုတ်စစ်ရှောင်စခန်းက ပြန်လာတဲ့ မြန်မာစစ်ရှောင်တွေကို UWSA လက်ခံကူညီပေး

နိုဝင်ဘာ၊ ၆
 
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံကို စစ်ရှောင်စခန်းတွေမှာ သွားရောက်ရှောင်တိမ်းခဲ့ပြီး အဆင်မပြေလို့ ပြန်လာတဲ့ မြန်မာစစ်ရှောင်တွေကို ဝအဖွဲ့ (UWSA) က လက်ခံကူညီပေးနေတယ်လို့ ဝပြည်နယ်ရဲ့ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းထံက သိရပါတယ်။
 
” တရုတ်ပြည်ဘက်ရောက်နေတဲ့ စစ်ရှောင်တွေ တော်တော်များများလည်း ကျွန်တော်တို့ဆီမှာလည်း ပြန်ရောက်နေပါပြီ။ အတတ်နိုင်ဆုံး သူတို့ရဲ့ ဒီနေထိုင်စားသောက်ရေးတွေ၊ ကျွန်တော်တို့ ဒီဆေးဝါးကုသမှုတွေ ကျွန်တော်တို့က အတတ်နိုင်ဆုံးလည်း ကူညီပေးထားတာတွေ ရှိပါတယ်နော့ ” လို့ ဦးညီရမ်းက DNA ကို ပြောပါတယ်။
 
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကြောင့်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းမြောက်ဒေသက စစ်ရှောင် ၃၇,၀၀ ကျော်ရှိလာတယ်လို့ နိုဝင်ဘာလ ၂ ရက်က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA-Myanmar) က ထုတ်ပြန်ထားပါတယ်။
 
အဲဒီထဲမှာ တရုတ်ပြည် မိန်းတိန်စစ်ရှောင်စခန်းမှာရှိတဲ့ မြန်မာစစ်ရှောင် ငါးထောင်နီးပါးလည်းပါဝင်ပါတယ်။
 
ချင်းရွှေဟော်ဒေသခံတွေနဲ့ ချင်းရွှေဟော်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ သူတွေဟာ အောက်တိုဘာလ ၂၇ ရက်မှာ စတင်တဲ့ စစ်ဆင်ရေး ၁၀၂၇ တိုက်ပွဲကြောင့် တရုတ်ပြည်ထဲကို ထွက်ပြေးခိုလှုံကြရာကနေ မိန်းတိန်စစ်ရှောင်စခန်းကို ရောက်သွားခဲ့ကြရပါတယ်။
 
အဲဒီစစ်ရှောင်တွေဟာ တရုတ်ပြည် စစ်ရှောင်စခန်းကို ရောက်တဲ့နေ့ကစပြီး တပတ်ကျော်ကြာတဲ့အထိ နေထိုင်ရေး၊ စားသောက်ရေး အပြင် အဆင်မပြေမှုများစွာ ရှိနေတယ်ဆိုပြီး သတင်းတွေထွက်လာတဲ့နောက် တရုတ်တာဝန်ရှိသူတွေက စစ်ဘေးရှောင်တွေကို နယ်စပ်နဲ့ ပိုဝေးတဲ့ နေရာကို ပြောင်းရွှေ့လိုက်ပါတယ်။
 
တရုတ်ပြည်ရောက် မြန်မာစစ်ရှောင်တွေဟာ နေထိုင်စားသောက်ရေး အဆင်မပြေတာ၊ ဖုန်းသုံးစွဲတာ အပါအဝင် စည်းကမ်းတင်းကျပ်တာတွေကြောင့် နိုဝင်ဘာလ ၄ရက်က ဆန္ဒပြကြပြီး စခန်းကနေ ထွက်ခွာလာကြတာရှိတယ်လို့ စစ်ရှောင်မိသားစုဝင်တဦးက ပြောပါတယ်။
 
” ဆန္ဒပြကြတာလေ တံခါးတွေ ရိုက်ချိုးပြီး တွန်းဖွင့်ကြတာ။ အဲ့ဒါနဲ့ တရုတ်တွေ စိတ်ဆိုးပြီး အကုန်ပြန်ဆိုပြီး နှင်လွှတ်တဲ့သဘောမျိုး ” လို့ စစ်ရှောင်မိသားစုဝင်ကိုနိုင် (အမည်လွှဲ)က ပြောပါတယ်။
 
မြန်မာစစ်ရှောင်တချို့ကတော့ လုံခြုံရေးအရ ဆက်နေချင်ပေမယ့် တရုတ်အာဏာပိုင်တွေက နေခွင့်မပေးတော့တဲ့အတွက် လက်ရှိမှာတော့ တရုတ်ဘက်ခြမ်းက ဂိတ်ပေါက်ဝမှာ သောင်တင်နေကြပြီး လမ်းတွေပေါ်မှာ ဖြစ်သလိုနေကြတာ ရှိသလို တချို့ကိုတော့ ဝပြည်၊ နမ့်တစ်ဘက်ကို ပို့ပေးနေတာလည်း ရှိတယ်လို့ သိရပါတယ်။
 
” အခုထိ တရုတ်ပြည်ကယ်ဆယ်ရေးစခန်းမှာလည်း လူတွေ မကျန်လောက်တော့ဘူး။ လုံခြုံရေးအရ အဲ့မှာနေဦးမယ်လို့ ပြောတာတောင်မရဘူး။ တရုတ်က အကုန်လုံးပြန်ခိုင်းတာ။ ဘုန်းကြီးတွေရော ” လို့ စစ်ရှောင်မိသားစုဝင် ကိုနိုင်က ဆိုပါတယ်။
 
ဂိတ်ပေါက်ဝမှာ သောင်တင်နေတဲ့ စစ်ဘေးရှောင်တွေကို အစားသောက်တွေကိုတော့ လာဝေပေးတဲ့လူ ရှိတယ်လို့ ပြောပေမယ့် လိုင်းအခက်ခဲရှိပြီး အချိန်လုပြောရတာကြောင့် ဘယ်သူတွေက လာဝေပေးနေတယ်ဆိုတာကိုတော့ အတိကျမသိဘူးလို့ ကိုနိုင်က ပြောပါတယ်။
 
လက်ရှိမှာတော့ တရုတ်တာဝန်ရှိသူတွေက မြန်မာစစ်ဘေးရှောင်တွေကို ဝပြည်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်တစ်ဘက်ကို လူဦးရေအကန့်အသတ်နဲ့ ပို့ပေးနေတယ်လို့လည်း ကိုနိုင်က ဆက်ပြောပြပါတယ်။
 
” အခုတော့ ဂိတ်ပေါက်ဝမှာပဲ ရှိသေးတယ်။ တရုတ်တွေက အခုဆိုရင် (စစ်ရှောင်) ရှစ်ရာပဲ ရှိသေးတယ် ပို့ပေးတာ။ ဒီနေ့လည်း ညီမလေးတို့ မပါသေးဘူးတဲ့ ” လို့ ကိုနိုင်က ပြောပါတယ်။
 
ကိုနိုင်ရဲ့ ညီမတဦးဟာ တရုတ်နိုင်ငံ၊ မိန်းတိန်စစ်ရှောင်စခန်းမှာ ရောက်နေတာဖြစ်ပါတယ်။
 
ဒါ့အပြင် တရုတ်ပြည် မိန်းတိန်စစ်ရှောင်စခန်းက မြန်မာစစ်ဘေးရှောင်တချို့ကို ဝပြည် အထူးဒေသက အာဏာပိုင်တွေက နမ့်တစ်စစ်ရှောင်စခန်းမှာ လက်ခံကူညီပေးနေပြီး စစ်ဘေးရှောင်တွေရဲ့ နေထိုင်စားသောက်ရေး၊ ဆေးဝါးကုသမှုကအစ အတတ်နိုင်ဆုံး ကူညီပေးထားတာ ရှိတယ်လို့ ဦးညီရမ်းက ဆိုပါတယ်။
 
ဒါ့အပြင် ဝပြည် နမ့်တစ် စစ်ဘေးရှောင်မှာ လက်ရှိ နိုဝင်ဘာလ ၅ ရက်မနေ့ကတော့ စစ်ရှောင်ဦးရေ နှစ်သောင်းကျော်ရှိပြီး ဝ အထူးဒေသ တာဝန်ရှိသူတွေဟာ နေရပ်ပြန်နိုင်အောင် ကူညီပို့ဆောင်ပေးနေတယ်လို့ သူကဆက်ပြောပြပါတယ်။
 
” စစ်ရှောင်တွေ တရက်ကို နှစ်ထောင် သုံးထောင်၊ သုံးလေးထောင် အဲ့လိုတွေရောက်လာတာလည်းရှိတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံးတော့ ဒီကျိုးတုံဘက်မှာလည်း ပို့ပေးတယ်။ ပြီးတော့ တန့်ယန်းဘက်မှာလည်း ကျွန်တော်တို့ နယ်ခြားမှတ်တိုင်အထိ ကျွန်တော်တို့ ပို့ပေးတာတွေလည်း ရှိတယ် တရက်တရက်ဆိုလည်း တထောင်နှစ်ထောင် အဲ့လိုမျိုး ပို့ပေးတာလည်း ရှိတာပေါ့နော် ” လို့ ဆိုပါတယ်။
 
ဝပြည်နမ့်တစ်ဘက်ကို ချင်းရွှေဟော်က စစ်ဘေးရှောင်တွေအပြင် ကွမ်းလုံက စစ်ဘေးရှောင်တွေ အများအပြားလည်း ရောက်ရှိနေကြပြီး တချို့က ဝအာဏာပိုင်တွေ ဖွင့်လှစ်ပေးထားတဲ့ စစ်ရှောင်စခန်းမှာ သွားရောက်ခိုလှုံကြကာ တချို့ကတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် တည်းခိုခန်းမှာငှားနေတာ၊ အသိတွေအိမ်မှာ သွားနေကြတဲ့လူတွေလည်း ရှိပါတယ်။
 
ဝပြည်က စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်တွေကို နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုအပြင် လိုအပ်တဲ့ တကိုယ်ရည်သုံးပစ္စည်းတွေကအစ ကူညီပေးနေပြီး နမ့်တစ်ထဲမှာ ကိုယ့်အစီစဉ်နဲ့ကို နေထိုင်နေတဲ့ စစ်ဘေးရှောင်တွေကိုလည်း တတ်နိုင်သလောက် ကူညီပေးနေတယ်လို့ သိရပါတယ်။
 
” အမတို့တော့ တည်းခိုခန်းမှာပဲ ငှားနေတာ။ ဒါပေမယ့် မနေ့ကတော့ “ဝ” လူကြီးတွေကို သွားပြီး အကူညီတောင်းထားတယ်။ တကယ်လို့ တခုခုဖြစ်လာရင် ကြည့်ရှု့စောင့်ရှောင့်ပေးပါဦးလို့ သွားပြောထားတယ်။ သူတို့ကတော့ အားပေးစကားပြောတယ် ဆန်၊ ဆီ၊ ဆား လိုအပ်ရင်လာယူ ဘာမှမပူနဲ့ လို့ပြောတယ် ” လို့ ကွမ်းလုံကနေ စစ်လာရှောင်တဲ့ အမျိုးသမီးတဦးက ပြောပြပါတယ်။
 
ဓာတ်ပုံ – SS/Sam La Facebook