နိုဝင်ဘာ၊ ၆
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတဲ့ တောင်ခင်ရန်း ရဲစခန်းထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မိုင်းရှင်းနေကြတဲ့ ပုံရိပ်တချို့ကို ABSDF စစ်ကြောင်း (၃) က ဒီကနေ့ ထုတ်ပြန်လာပါတယ်။
ဂန့်ဂေါနယ်တောင်ပိုင်းက မင်းရွာရဲစခန်းကို နိုဝင်ဘာ ၃ ရက်မနက်ပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် မြို့နယ်မြောက်ပိုင်းမှာရှိတဲ့ တောင်ခင်ရန်းရွာ ရဲစခန်းက စစ်ကောင်စီတပ်တွေဟာ အဲဒီနေ့ညမှာပဲ စခန်းကို စွန့်ခွာသွားခဲ့ကြတာပါ။
စခန်းစွန့်သွားတဲ့ စစ်ကောင်စီတပ်တွေက မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တာကြောင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်တွေက စခန်းအတွင်းနဲ့ အနီးဝန်းကျင်မှာ မိုင်းတွေ လိုက်ရှင်းနေရဆဲပဲလို့ ABSDF စစ်ကြောင်း (၃) က ဖော်ပြထားပါတယ်။
ဂန့်ဂေါခရိုင် PDF တပ်ရင်းတွေနဲ့ ABSDF တပ်ဖွဲ့တို့ဟာ အခုနှစ် မေလကုန်ကစလို့ တောင်ခင်ရန်းရဲစခန်းကို မီတာ နှစ်ရာကျော်အတွင်းအထိ အနီးကပ် ဝန်းရံပိတ်ဆို့ထားခဲ့ကြပြီး စစ်ကောင်စီတပ်သားတွေ စခန်းမစွန့်မီ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်တို့မှာ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြား ထိခိုက်ခဲ့တယ်လို့ ABSDF စစ်ကြောင်း (၃) က ဖော်ပြထားပါတယ်။
တောင်ခင်ရန်းရဲစခန်းထဲ တပ်စွဲခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ အနီးဝန်းကျင်က ပျူစောထီးရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာက စစ်အုပ်စုနဲ့သွားရောက်ပူးပေါင်းခဲ့ကြတာလို့ ဂန့်ဂေါဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက DNA ကိုပြောထားပါတယ်။
တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားကြတဲ့နောက် လက်ရှိဂန့်ဂေါနယ်မြောက်ပိုင်းမှာ စစ်ကောင်စီအခြေပြု နေရာတွေအဖြစ် ကန်ရွာရဲစခန်း၊ မြောက်ခင်ရန်းနဲ့ ဟံသာဝတီ ပျူစောထီးရွာနှစ်ရွာ စတဲ့စခန်းသုံးခုပဲ ရှိတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းရွာရဲစခန်းကို နိုဝင်ဘာ ၃ ရက်က သိမ်းပိုက်လိုက်ပြီးနောက် ဂန့်ဂေါနယ် တောင်ပိုင်းမှာတော့ ထီးလင်းမြို့အထိ စစ်ကောင်စီစခန်း မရှိတော့ဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ – ABSDF Column – 3