နိုဝင်ဘာ၊ ၆
ဂါဇာ ကမ်းမြှောင်ဒေသကို နျူကလီးယားဗုံး ကြဲသင့်ကြောင်း အာချောင်ခဲ့တဲ့ အစ္စရေး ဝန်ကြီးတဦးဟာ ရာထူးက ဆိုင်းငံ့ ခံထားလိုက်ရပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟူက လက်ယာစွန်း အမျိုးသားရေး ဝါဒီတဦးအဖြစ် လူသိများတဲ့ ယဉ်ကျေးမှု အမွေအနှစ် ဝန်ကြီး အမီချိုင် အီလီယာဟူကို ရာထူးတာဝန်ကနေ ယာယီ ဆိုင်းငံ့ထားကြောင်း နိုဝင်ဘာ ၅ ရက်မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။
သူက ဟားမားစ် ပြောက်ကျားတွေကို ခြိမ်းခြောက်တဲ့ အနေနဲ့ ဂါဇာကို အက်တမ်ဗုံး (နျူကလီးယားဗုံး) တလုံးလောက် ကြဲချပြလိုက်တာဟာ ဖြစ်သင့်တဲ့ ရွေးချယ်မှုလို့ ရေဒီယို အင်တာဗျူး တခုမှာ ပြောကြားခဲ့တာပါ။ ဂါဇာမှာ ပိတ်မိနေတဲ့ ပါလက်စတိုင်း ပြည်သူတွေအတွက် လူသားချင်း စာနာမှု အစီအမံတွေနဲ့ ပတ်သက်လို့ သူ့အမြင်ကို မေးတဲ့ အချိန်မှာတော့ အီလီယာဟူက တင်းတင်းမာမာ တုံ့ပြန်ခဲ့ပြန်ပါတယ်။
နာဇီတွေကို လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးနေစရာ ဘာအကြောင်းမှ မရှိကြောင်း၊ ဂါဇာမှာ အပြစ်ကင်းစင်တဲ့သူ ဆိုတာလည်း မရှိကြောင်း ဝန်ကြီးကင ပြောပါတယ်။
နေတန်ယာဟူကတော့ အီလီယာဟူရဲ့ နျူကလီးယားဗုံး မှတ်ချက်ကို အတိအလင်း ပယ်ချခဲ့ပြီး လက်တွေ့ အရှိတရားအပေါ် အခြေခံထားတဲ့ စကားမျိုး မဟုတ်ဘူးလို့ ဝေဖန်သွားပါတယ်။ သူက အစ္စရေး စစ်တပ်ဟာ ဂါဇာမှာ အရပ်သား ထိခိုက်သေကြေမှု အနည်းဆုံးဖြစ်အောင် နိုင်ငံတကာ စံနှုန်းတွေ၊ ဥပဒေတွေနဲ့အညီ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်တယ်လို့လည်း နေတန်ယာဟူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုယက်ဗ် ဂဲလန့်ကလည်း အီလီယာဟူရဲ့ အခြေအမြစ် မရှိတဲ့၊ တာဝန်ယူမှု ကင်းမဲ့တဲ့ စကားလုံးတွေကို ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။ အီလီယာဟူ ပြောလိုက်တဲ့ စကားတွေဟာ အစ္စရေး လူ့အဖွဲ့အစည်းနဲ့ အစ္စရေး စစ်သည်တွေရဲ့ ရပ်တည်ချက်အပေါ် ထိခိုက်စေတယ်လို့ သူက ဝေဖန်ပါတယ်။
အစ္စရေးက ဂါဇာမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မှုတွေကို အရှိန်မြှင့်တင်လာချိန်မှာ အီလီယာဟူရဲ့ အငြင်းပွားစရာ မှတ်ချက်စကား ထွက်ပေါ်လာတာပါ။ နေတန်ယာဟူက ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးအတွက် နိုင်ငံတကာ တောင်းဆိုမှုတွေ မြင့်တက်လာတာကို ငြင်းပယ်ပြီး ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၄၀ ကျော် တယောက်မကျန် ပြန်မလွတ်မချင်း စစ်ပွဲကို ရပ်နားဖို့ လုံးဝ ထည့်စဉ်းစားမှာ မဟုတ်ကြောင်း တင်းတင်းမာမာ တုံ့ပြန်ထားပါတယ်။
Ref: The Hill