နိုဝင်ဘာ၊ ၅
ရှမ်းမြောက်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ဆင်နွှဲနေတဲ့ စစ်ဆင်ရေး ၂၀၂၇ မှာ စစ်ကောင်စီတပ်စခန်း၊ ဂိတ်၊ ရဲစခန်း တွေအပါအဝင် စခန်းပေါင်း ၁၂၀ ကျော် သိမ်းပိုက်ရရှိတယ်လို့ ထုတ်ပြန်လာပါတယ်။
မြောက်ပိိုင်းအဖွဲ့တွေလို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) တို့က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်မှာ စတင်ခဲ့တဲ့ စစ်ဆင်ရေး ဆယ်ရက်မြောက်အဖြစ် စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်နေတာပါ။
မြောက်ပိုင်းတပ်တွေဟာ မုံးကိုးခရိုင် ရှောက်ချင်းရှုဒေသရှိ တပ်စခန်း၊ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုရှိ မန်ဝင် တပ်စခန်း၊ နမ္မတူမြို့နယ် ပန်သပြေကျေးရွာရှိ တပ်စခန်းနဲ့ မန်တုံမြို့နယ် ခိုမုန်းကျေးရွာရှိ တပ်စခန်း စတဲ့ စခန်းလေးခုကို ဒီကနေ့ သိမ်းပိုက်ခဲ့နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။
စခန်းပေါင်း ၁၂၀ ကျော်မှာ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းကြီးငယ်တွေ၊ ရဲစခန်းတွေ၊ ထွေအုပ်ရုံးတွေ၊ ပြည်သူ့စစ်စခန်း တွေပါဝင်ပြီး တင့်ကားကြီးတွေ၊ ဟောင်ဝစ်ဇာအမြှောက်တွေ၊ လေယာဉ်ပစ်လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကား လေးစီးကို တအာင်းတပ် (TNLA)က လားရှိုးနဲ့ သိန္နီကြား (၁၄-၁၅ မိုင်) ကြားရှိ နမ့်တွန်ကျေးရွာ အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက် နှစ်လက်၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်ကား လေးစီး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရခိုင့်တပ်တော် (AA) တို့ဟာ မနေ့က တရက်တည်းမှာပဲ ကိုးကန့်ခရိုင်နဲ့ မုံးကိုးဒေသအတွင်း စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းပေါင်း ရှစ်ခုထက်မနည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြေပြင်ထိုးစစ်တွေကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ လက်နက်ချ အလင်းဝင်သူတွေနဲ့ ထွက်ပြေးကြသူတွေ များပြားလာပြီး လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေကိုသာ အားထားလာရတာကို တွေ့ရတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာဒေသတွေကို ဦးတည်တိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ ရှိသလို လူနေအိမ်အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ တရုတ်ပြည် နယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော် အပါအဝင် မြို့လေးမြို့ကိုလည်း အလုံးစုံထိန်းချုပ်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်း မြောက်ပိုင်းမဟာမိတ်တွေရဲ့ ထိုးစစ်ကြောင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့တွေကို လက်လွှတ်လိုက်ရတယ်လို့ နိုဝင်ဘာလ ၁ ရက်က ဝန်ခံပြောကြားထားပါတယ်။
ဓာတ်ပုံ – The Kokang