ဖြူးမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တဦးသေဆုံးပြီး မိသားစုဝင်နှစ်ဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၅

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အရှေ့မြောက်ဘက်မှာရှိတဲ့ ကြူးအင်းကျေးရွာမှာ  နိုဝင်ဘာလ ၄ ရက်၊  မနက် ၅ နာရီခန့်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ အသက် ရှစ် နှစ်အရွယ်ကေ လး ငယ်တဦး သေဆုံးကာ မိသားစုဝင်နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

“ အိမ်ပေါ်နားကို ကျတယ်။ သူတို့မိသားစုတွေ ရှိနေတဲ့ အနားကို ကျတာ အိပ်နေတဲ့အချိန်ပဲ။ကလေးမလေးက အများကြီး ထိသွားတာ ဆေးရုံမရောက်ဘူး။ ဆုံးသွားတာ။သူ့အမေက ဒဏ်ရာသိပ်မများဘူး၊ သူ့အမကလည်း အစတွေ စိုက်ဝင်နေတာ ရှိတယ်။” လို့ ဇေယျဝတီမြို့ခံတဦးက DNA ကို ပြောပါတယ်။

အာဏာသိမ်းပြီးချိန်ကနေနိုဝင်ဘာလ ၃ ရက်အထိ စစ်ကောင်စီလုခြုံရေးတပ်တွေလက်ချက်နဲ့ လူပေါင်း ၄,၁၆၉ ဦးသေဆုံးပြီး ကလေးသူငယ်ပေါင်း ၄၇၇ ဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။

ဖြူးမြို့နယ် ၊ဇေယျဝတီမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီးနောက် ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါ တယ်။

အဲဒီလိုမျိုး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကြူအင်းကျေးရွာနေထိုင်တဲ့ အသက် ရှစ် နှစ်အရွယ်ကလေးငယ်တဦး သေဆုံး ကာ အသက် ၁၄ နှစ်အရွယ် အမဖြစ်သူ မိခင်ဖြစ်သူတို့နှစ်ဦးမှာ ခြေထောက်လက်တွေနဲ့ ခန္ဓာကိုယ်အနှံ့မှာ လက်နက်ကြီးစ ထိမှန် ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ထိခိုက်ဒဏ်ရာရရှိထားတဲ့သူနှစ်ဦးကို ဖြူးဆေးရုံမှာ ဆေးကုသမှုခံယူနေကြရပြီး ကျန်းမာရေးက ကောင်းမွန်လျက်ရှိ တယ်လို့ ဆိုပါတယ်။

“ ကလေးမလေးက အသားစမှာ စိုက်ဝင်နေတဲ့ လက်နက်ကြီးစတွေများတော့ အဲဒါကို ခွဲထုတ်ထားတယ်ပြောတယ်။ သူ့အမေက ခြေထောက်မှာ ထိထားတဲ့ဒဏ်ရာတွေ ဆေးထည့်ထားပေးတော့ စိုးရိမ်ဖွယ်ရာတော့ မရှိဘူး။” လို့ အဲဒီမြို့ခံက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံတချို့ကို ခေါ်ယူစစ်ဆေး မေး မြန်းတာတွေ လုပ်ဆောင်ပြီးနောက် အဲဒီနေ့မှာပဲ ရွာကနေ ပြန်လည်ဆုတ်ခွာ သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အဲဒီအနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက တပ်စွဲထားတာ ကင်းပုန်းချထားတာ ရှိနေပြီး ရံဖန်ရံခါ တော်လှန်ရေးအင်အားစုတွေ ရှိနိုင်တဲ့ နေရာတွေဘက်ကို လက်နက်ကြီး လှမ်းပစ်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်ကလည်း ဖြူးမြို့နယ် ၊ကညွတ်ကွင်းအခြေစိုက်စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်ခတ်လို့ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတဦးသေဆုံးခဲ့သလို နန္ဒမိတ်ရွာသားလေးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေး တယ်။

ဒါ့အပြင် အောက်တိုဘာ ၃၁ ရက် ၊ နေ့လယ်ပိင်းကလည်း ဖြူးမြို့နယ် ၊ကညွတ်ကွင်းမြို့အခြေစိုက် အမှတ် ၄၃၉ ခြေမြန်တပ်ရင်းက ၁၅၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပဲနွယ်ကုန်း-နတ်သံကွင်းကားလမ်းဘေး ပျဉ်းမပင်ကျေးရွာမှ အသက် ၁၇ နှစ် အရွယ် နော်ဒါးဖော သေဆုံးခဲ့ရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။