လေးလအတွင်း အစုအပြုံလိုက်သတ်ဖြတ်မှု အကြိမ်သုံးဆယ်နီးပါး၊ သေဆုံးသူ နှစ်ရာနီးပါးရှိ

နိုဝင်ဘာ၊ ၄

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အခုနှစ်မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတဝှမ်းမှာ အစုအပြုံ လိုက်သတ်ဖြတ်မှု ၂၇ ကြိမ်အထိကျူးလွန်ကာ အရပ်သားပြည်သူစုစုပေါင်း ၁၈၈ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဉာဏ် လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

လူငါးဦးနဲ့ ငါးဦးအထက်သတ်ဖြတ်တဲ့ဖြစ်စဉ်တွေကို စုဆောင်းဆန်းစစ်ကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ် ဖော်ပြထားလို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ အဲဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွေထဲမှာ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက် ကြီးသုံး ပစ်ခတ်သတ်ဖြတ်တာ၊ လေကြာင်းအသုံးပြု ဗုံးကြဲသတ်ဖြတ်တာ၊ တိုက်ပွဲဖြစ်ချိန်နဲ့ နယ်မြေရှင်း လင်းရေး လုပ်ချိန်မှာ သတ်ဖြတ်တာတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

“အခု ဖြစ်စဉ်အားလုံးကို ကြည့်မယ်ဆိုရင် အကြောက်တရားကို လူထုစိတ်ထဲမှာ ဝင်အောင် လုပ်ယူတဲ့ပုံစံမျိုး ဖြစ် သလို ပုံသွင်းပြီးတော့မှ အုပ်ချုပ်နိုင်အောင် ကြိုးစားတဲ့ရလဒ်တခုကနေ ထွက်ပေါ်လာတဲ့သတ်ဖြတ်မှု တွေဖြစ်ပါ တယ်”လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားကမှတ်ချက်ပြုပါတယ်။

စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲမှာ တိုက်ပွဲဖြစ်ချိန်နဲ့ နယ်မြေရှင်းလင်းရေးလုပ်ချိန်တို့မှာ သတ် ဖြတ်တဲ့ဖြစ်စဉ်ဟာ အများဆုံးဖြစ်ပြီး လေးလအတွင်း အဲ့ဒီလိုဖြစ်စဉ် ၁၃ ခုအတွင်းသတ်ဖြတ်ခံရသူ ၉၁ ဦး ရှိခဲ့ တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာအနီးတဝိုက် ရွာတွေနဲ့ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေအားကောင်းတယ်လို့ ယူဆတဲ့ ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားတွေကို ဖမ်းဆီး၊ ညှင်းပန်း၊ နှိပ်စက်သတ်ဖြတ်ကြတာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှု၊ လေကြောင်းအကူအညီနဲ့ သတ်ဖြတ်မှုကတော့ ဒုတိယအများဆုံးဖြစ်ပြီး ဖြစ်စဉ် ခုနစ် ကြိမ်မှာ သတ်ဖြတ်ခံရသူ ၅၃ ဦး ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်စဉ်ဟာလည်း လေးလအတွင်း ငါးခု ရှိခဲ့ပြီး အရပ်သားပြည်သူ ၃၂ ဦးအသတ်ခံခဲ့ရပါတယ်။

အကြောင်းမဲ့သတ်ဖြတ်တယ်ဆိုတဲ့အထဲမှာ စစ်ကောင်စီဟာ စစ်ကြောင်းထိုးရာ လမ်းလျှောက် အရပ်သားတွေကို လမ်းပြ၊ဓါးစာခံအဖြစ် ဖမ်းခေါ်သွားပြီးသတ်ဖြတ်ခဲ့တာ၊ လမ်းသွားလမ်းလာတွေကို PDF အဖြစ် စွပ်စွဲသတ်ဖြတ် တာတွေ ပါဝင်ပါတယ်။

လက်နက်ကြီးအသုံးပြုသတ်ဖြတ်တဲ့ဖြစ်စဉ်တွေကတော့ လေးလအတွင်းမှာ နှစ်ခုရှိခဲ့ပြီး ၁၂ ဦးသေဆုံးခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်အုပ်စုဟာ အဲဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေကို ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရန်ကုန်တိုင်းတို့အတွင်းမှာ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီကနေ ယခု ၂၀၂၃ ဩဂုတ်လအထိ နှစ်နှစ်ခွဲအတွင်း စစ်တပ်ရဲ့ အစု လိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၁၇၅ ကြိမ်အထိ ရှိခဲ့ပြီး အဲဒီဖြစ်စဉ်တွေအတွင်း လူပေါင်း ၁၇၉၄ ဦးထိ သေ ဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို လူမဆန်တဲ့သတ်ဖြတ်မှုလုပ်ရပ်တွေအပေါ် ခွင့်လွှတ်နိုင်စရာမရှိဘဲ တချိန်ချိန်မှာ တရားမျှတမှုရဖို့ ဆောင် ရွက်ရမယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားက ဆိုပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်း စစ်အုပ်စုရဲ့ အရပ်သားတွေ အပေါ် သတ်ဖြတ်မှုတွေနဲ့ ပက်သက်လို့ အပြစ်ပေး၊ အရေးယူဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာအနေနဲ့ ပူးပေါင်းပါဝင် ကြဖို့ တိုက်တွန်းထားကြပါတယ်။

 ပုံစာ – ယင်းမာပင်မြို့နယ် စုန်းချောင်းရွာစီးနင်းခံရမှုအတွင်းသတ်ဖြတ်ခံခဲ့ရသူ၁၄ဦးကိုသင်္ဂြိုလ်နေစဉ်။