ကော့ကရိတ်မြို့ပေါ်မှာ လက်နက်ကြီးကျလို့ ကလေးတဦးအပါအဝင် ငါးဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက်သုံးနှစ်အရွယ်ကလေးတဦးအပါအဝင် ငါးဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးက ဒဏ်ရာ ပြင်းထန် တယ်လို့ မြို့ခံတွေက DNAကိုပြောပါတယ်။

“လူရှိနေတဲ့နေရာကို ကျကွဲတာ၊ အဲမှာ ရှိနေတဲ့ ကလေးတွေရော လူကြီးတွေရော ထိတာပဲ၊ လမ်းဘေးပဲ၊ ထိသွားတဲ့ သူတွေက ဆွေမျိုး သားချင်းတွေပဲ၊ အားလုံးပေါင်းငါးယောက် ထိသွားတာ၊အသားစတွေတောင် ပဲ့သွားတာ” လို့ မြို့ခံတဦးက ပြောပါတယ်။

ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက် ရှမ်းစုအောက်ပိုင်းရပ်၊ ရွှေကြက်မင်းလမ်းမှာလက်နက်ကြီးတလုံးကျရောက်ပေါက်ကွဲလို့ အသက် သုံးနှစ်အရွယ် မသိမ့်သိမ့်သူ၊အသက် ၂၅ နှစ်အရွယ်တွေဖြစ်တဲ့ မခင်သန်းဦးနဲ့မသန္တာစိုး၊ အသက် ၆၅ နှစ်အရွယ် ဒေါ်နှင်းမြိုင်၊ အသက် ၅၈ နှစ်ရွယ် ဒေါ်ညွှန့်စိန်တို့မှာ ဝမ်းဗိုက်၊ ပေါင်ရင်း၊ ရင်အုံ၊ နာထင်းနဲ့ ခန္ဓာကိုယ်အနှံ့ ကျည်စထိမှန်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရခဲ့သူတွေထဲက မသန္တာစိုးနဲ့ မခင်သန်းဦးတို့နှစ်ဦးကတော့ အသားစပြတ်ရှဒဏ်ရာတွေရထားပြီးပြင်းထန်တယ်လို့ ဆိုပါတယ်။အဲ့ဒီဒဏ်ရာရသူအားလုံးကိုနယ်မြေခံလူမှုကူညီရေးအသင်းတွေက ဆေးရုံကို ပို့ပေးထား တယ်လို့သိရပါတယ်။

“ တပတ်ကျော်ပြီပေါ့၊ လက်နက်ကြီးနေ့တိုင်းပစ်နေကြတာ၊ အပြန်အလှန်ပဲ ပစ်နေကြတာ၊ လူတွေထိတာကလည်း ခဏခဏပဲ” လို့ ကော့ကရိတ်မြို့ခံက ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီပစ်ခတ်မှုဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်ရတာဖြစ်တယ်လို့ ဝါဒ ဖြန့်ထား ပါတယ်။

အခုရက်ပိုင်းအတွင်း ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တို့အကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပေမယ့် ရပ်ကွက်ထဲမှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီး အမျိုးအစားကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က အသုံးပြုခြင်းမရှိဘူးလို့ ကျားဖြူတပ်ခွဲ ၃  တာဝန်ရှိသူ တဦးက DNAကိုပြောပါတယ်။

“အဲဒီလက်နက်တွေ ကျွန်တော်တို့ဆီမှာ မရှိဘူး၊ ရှိနေရင် သူတို့စခန်းတွေကို အကုန်ကုန်ပြီး ဒီအချိန်ဆို” လို့ သူကပြောပါတယ်။

လက်ရှိ  ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှုတွေ ရှိနေပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေတာတော့မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးရင်တော့ နှစ်ဖက် ထိတွေ့  တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃  တာဝန်ရှိသူကပြောပါတယ်။

ဒီလို ကော့ကရိတ်မြို့အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာက မြို့အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ-၉၇)နဲ့ လှိုင်ဝ အမြှောက်ကုန်းမှ အခြေစိုက်တပ်ရင်းတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေကို ပြီးခဲ့တဲ့ အောက်တိုက်ဘာ ၂၇ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ရက်တာထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ထိတွေ့တိုက်ပွဲတွေမရှိတော့ပေမယ့် နှစ်ဖက်လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေရှိနေတာဖြစ် ပါတယ်။

ကော့ကရိတ်မြို့ပေါ် ရပ်ကွက်တွေထဲ လက်နက်ကြီးကျရောက်ပေါက်မှုတွေကြောင့် အောက်တိုဘာ ၂၇ ရက်ကနေ ဒီကနေ့အထိ ပြည်သူငါးဦးသေဆုံးကာ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကော့ကရိတ်မြို့အတွင်းအပြင်နဲ့ နေရာအနှံ့မှာ စစ်ကောင်စီဘက်က အင်အားအများအပြားဖြည့်တင်းထားပြီး လှည့်ကင်း ထွက်တာတွေ ကင်းပုန်းချတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါအပြင် ကော့ကရိတ်မြို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မယ့် သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် အရပ်သား ငါးရာကျော်ဟာ ဘေးလွတ်ရာ ဆွေမျိုးနေအိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းနဲ့ တခြား နယ်မြေဒေသဘက်ကို တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေက DNA ကို ပြောထားပါတယ်။

photo- ကျားဖြူစစ်ကြောင်း/စစ်တပ်ထောက်ခံတယ်လီဂရမ်

ပုံစာ -လတ်တလောရက်ပိုင်းအတွင်း ကော့ကရိတ်မြို့ပေါ်ကိုလက်နက်ကြီးကျလို့ထိခိုက်မှုအခြေအနေတချို့။