လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မူးမြို့နယ် ဒေသခံရှစ်ထောင် ဝန်းကျင်ထွက်ပြေးနေရ

နို၀င်ဘာ ၊ ၄

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက KNUနယ်မြေ မုန်းမြို့နယ်(မူး)မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နှစ်ရက်အတွင်းပြည်သူတဦးသေဆုံးကာသံဃာတပါးဒဏ်ရာရပြီး ဒေသခံရှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNUနဲ့ စစ်ရှောင်တွေကိုကူညီနေသူတွေကပြောပါတယ်။

“အရင်ရက်က တိုက်ပွဲက ဖြစ်နေတာတော့ ရှိတယ်၊ ရွာတွေထဲတော့ မဟုတ်ဘူး၊ အဲဒါဖြစ်ပြီးတော့ လက်နက်ကြီးတွေ လျှောက်ပစ်တာပေါ့”မုန်းမြို့ဒေသခံ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၀၇ဟာ  မနေ့ကကျေးရွာတွေဘက် ၁၂၀ မမလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကင်မွန်းခြုံကျေးရွာမြောက်ဘက် ပျဉ်းမပင်ကျေးရွာသွားလမ်းပေါ် ကျရောက် ပေါက်ကွဲပြီး စပါးရိတ်ဖို့ သွားတဲ့ အသက် ၄၅ နှစ်အရွယ် ဦးတီးသေးဝါး ကျည်စထိမှန် သေဆုံးသွားတယ်လို့KNUက ထုတ်ပြန်ထားပါတယ်။

“ဦးလေးက နေရာမှာပဲ ပွဲချင်းသေသွားတာ၊ အိမ်တွေလည်း အများအပြား ပျက်စီး တာရှိတယ်” လို့ အထက်ပါ စစ်ဘေးရှောင်တွေကိုအကူအညီပေးနေသူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ခြေမြန် တပ်ရင်း ခမရ ၄၃၉ကလည်းနိုဝင်ဘာလ ၂ ရက် မနက်ပိုင်းကနေ ညနေသုံးနာရီအထိ ဥသျှစ်ကုန်းကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ သောင်ကြီးကျေးရွာ၊ ဝက်တူးကျေးရွာတွေဘက်ကို လက်နက်ကြီး ခြောက်လုံးထက်မနည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝက်တူးကျေးရွာက သံဃာတော်တပါး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့သလို နေတလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အဲဒီကျေးရွာတွေဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေသေးတာကြောင့် နေအိမ်ပျက်စီးမှုနဲ့ လူထိခိုက်ဒဏ်ရာရရှိမှုအခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ ညနေ ၅ နာရီခွဲကျော်လောက်ကလည်း ကညွတ်ကွင်းအရှေ့ဝက်တူးရွာအနီးပတ်ဝန်းကျင်တလျှောက်ကို စစ်ကောင်စီ ဘက်က Mi 35 နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေကြောင့် ရေလဲ၊ သောင်ကြီး၊ ကျီးပင်ပေါက်၊ ရေလဲ၊ ဝက်တူး၊ သင်္ကန်းပင်၊ ပျဉ်းမပင်၊ ဥသျှစ်ကုန်း၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ ကင်မွန်းခြုံ၊  ပျဉ်းမပင်၊ ကွေ့တန်းရှည် အစရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ရှစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ဝက်တူးကျေးရွာအနီးမှာ စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ တပ်စွဲထားသလို ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီပေးနေသူက ပြောပါတယ်။

“မထင်ရင် မထင်သလို တချိန်လုံး လက်နက်ကြီးနဲ့ ပစ်နေတာ၊ တခါတခါ တိုက်ပွဲမဖြစ်ဘူး၊ လေယာဉ်တွေရောက်လာပြီး တချက်ချက် ရမ်းပစ်တာလည်း ရှိတယ်” လို့သူက ပြောပါတယ်။

ရုတ်တရက်နေအိမ်ကနေထွက်ပြေးတိမ်းရှောင်နေကြရတဲ့ဒေသခံတွေရဲ့အိမ်တွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် လာပြီး တန်ဖိုးရှိပစ္စည်းတွေ ဆိုင်ကယ်တွေကို ခိုးယူတာ၊အသုံးအဆောင် ပစ္စည်းတွေကို ဖျက်ဆီးတာတွေ လည်းလုပ်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ပြည်သူတွေက နီးစပ်ရာဆွေမျိုးနေအိမ်တွေ တောတောင်ဥယျာဉ်ခြံမြေနဲ့ ယာယီစစ်ရှောင် စခန်းတွေမှာ တိမ်းရှောင်နေကြပြီး သူတို့အတွက် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်ချက်ရှိနေတယ်လို့ကူညီပေးနေသူတွေကပြောပါတယ်။

မုန်းမြို့(မူး)၊ ရွှေကျင်မြို့နယ်(ဆောထိ)၊ ကျောက်ကြီးမြို့နယ်(လယ်ဒို) မြို့နယ်သုံးခုဟာ KNU ရဲ့ညောင်လေးပင် (ခလယ်လွီထူ)ခရိုင် တပ်မဟာ ၃ နယ်မြေမှာရှိနေတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အဲ့ဒီဒေသတွေမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူ နှစ်သိန်းကျော်ရှိတယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။