နိုင်ငံခြားမှာ ဖွင့်ထားတဲ့ သံရုံးတချို့ကို မြောက်ကိုရီးယား ပိတ်သိမ်း

နို၀င်ဘာ ၊ ၄

ကမ္ဘာ့နိုင်ငံ တချို့က သံရုံးတွေကို ပိတ်ပစ်နေကြောင်း မြောက်ကိုရီးယား အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက တခြားနိုင်ငံတွေမှာ ဖွင့်လှစ်ထားတဲ့ သံတမန်ရေးရာ မစ်ရှင်တချို့ကို ပိတ်ပစ်နေပြီး တချို့နိုင်ငံတွေမှာတော့ အသစ်ဖွင့်လှစ်နေတယ်လို့ နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။

ဒါဟာ မြောက်ကိုရီးယားရဲ့ လက်ရှိ နိုင်ငံခြားရေး မူ​ဝါဒတွေနဲ့ ကိုက်ညီမယ့် အပြောင်းအလဲ အစီအမံတွေ လုပ်ဆောင်နေတာပါလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားကတော့ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကြောင့် ဘဏ္ဍာရေး အကျပ်တွေ့နေတဲ့ အိမ်နီးချင်း ပြိုင်ဘက်နိုင်ငံက ကုန်ကျစရိတ် လျှော့ချဖို့ အခုလို အခြေအနေတွေကို မဖြစ်မနေ ရွေးချယ်နေရတာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

မြောက်ကိုရီးယားဖက်ကတော့ တောင်ကိုရီးယားရဲ့ ထင်ကြေးနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ 

မြောက်ကိုရီးယားဟာ အခုသီတင်းပတ်ထဲမှာတင် စပိန်၊ အန်ဂိုလာနဲ့ ယူဂန္ဓာ သံရုံးတွေကို ပိတ်ပစ်ဖို့ စီစဉ်လာခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံပေါင်း ၁၅၀ နဲ့ သံတမန် ဆက်ဆံရေး ရှိနေပြီး သံရုံး ခိုင်ခိုင်မာမာ ဖွင့်လှစ်ထားတဲ့ နိုင်ငံ ၅၀ လောက် ရှိတယ်လို့ တောင်ကိုရီးယားက ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။