နို၀င်ဘာ ၊ ၄
ကိုလံဘီယာ အစိုးရဟာ မူးယစ်ရာဇာ တဦး မွေးမြူထားရာကနေ ပေါက်ပွား ဆင်းသက်လာတဲ့ ကျူးကျော်မျိုးစိတ် ရေမြင်းအုပ်ကို စနစ်တကျ ဖျက်ဆီး ဖယ်ရှားသွားမယ်လို့ ပြောပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေက မူးယစ်ရာဇာ ပက်ဘလို အက်စ်ကိုဘာက အဲဒီ ရေမြင်းတွေကို ဝယ်ယူ မွေးစားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ရေမြင်းအုပ်ဟာ ၁၆၆ ကောင်ထိ တိုးလာပြီး ဂေဟစနစ်ကို ဒုက္ခပေးတဲ့ ကျူးကျော် မျိုးစိတ်တွေ အသွင်ကို ဆောင်လာခဲ့ပါတယ်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆူဆန်နာ မူဟာမက်က ရေမြင်းတွေထဲက အကောင် ၂၀ ကို မျိုးဆက်မပွားအောင် သင်းကွပ်၊ တချို့ကို လူသားအဆန်ဆုံး နည်းနဲ့ ဖျက်ဆီးပြီး ကျန်တာတွေကိုတော့ ပြည်ပကို ပို့ဆောင်သွားဖို့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။
ကိုလံဘီယာဟာ ရေမြင်းကောင်ရေ တိုးပွားမှုကို နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ရုန်းကန် ဖြေရှင်းနေရတယ်လို့ ပညာရှင်တွေက မှတ်ချက် ပေးပါတယ်။ အက်စ်ကိုဘာဟာ ကိုယ်ပိုင် တိရစ္ဆာန်ရုံ တခုကို ဟာဆိုင်ဒါ နာပိုးလ်စ် ဒေသမှာ တည်ဆောက်ထားပြီး ပြည်ပက တိရစ္ဆာန်တွေကို တင်သွင်း ဝယ်ယူခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာ ကိုလံဘီယာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်ရင်း အက်စ်ကိုဘာ သေဆုံးသွားတဲ့နောက် သူမွေးထားတဲ့ တိရစ္ဆာန်တွေကလည်း လွတ်မြောက်သွားပြီး တောထဲမှာ သဘာဝအလျောက် ရှင်သန် ကျက်စားနေကြတာ ဖြစ်ပါတယ်။
အက်စ်ကိုဘာရဲ့ ရေမြင်းတွေကနေ ဆင့်ကဲပေါက်ပွားလာတဲ့ ရေမြင်းအုပ်ဟာ ကိုလံဘီယာရဲ့ အဓိက မြစ်ကြီးဖြစ်တဲ့ မက်ဂ်ဒါလီနာမှာ ဗိုလ်ကျ ကြီးစိုးနေပြီး ဒေသခံ မျိုးရင်း သားရိုင်း တိရစ္ဆာန်တွေအပေါ် ဝန်ပိစေတဲ့အတွက် အခုလို ရှင်းလင်းရေး မစ်ရှင်ကို အာဏာပိုင်တွေက စီစဉ်လာတာ ဖြစ်ပါတယ်။
အရင်ကလည်း ရေမြင်းအုပ် ကြီးထွားလာမှုကို လျှော့ချဖို့ လုပ်ဆောင်ဖူးပေမယ့် ရေမြင်းတွေကို တိုက်ခိုက်စားသောက်မယ့် သဘာဝ သားရိုင်းမျိုးစိတ်တွေ မရှိတာ၊ မျိုးပွားနှုန်း အရမ်း အားကောင်းတာတွေနဲ့ အန်တီယို ကွီရာ ဒေသမှာ ရေမြင်းတွေ ကျက်စားနိုင်ဖို့ သဘာဝ ရွှံ့နွံတွေ အရမ်း ထူထပ်တာတွေကြောင့် စီမံကိန်းတွေ မအောင်မြင်ခဲ့ပါဘူး။
ကိုလံဘီယာက ပညာရှင်တွေက ရေမြင်းကောင်ရေ ထိန်းမနိုင်သိမ်းမရ တိုးပွားခြင်းဟာ ဒေသခံ တိရစ္ဆာန် မျိုးစိတ်တွေနဲ့ လူသားတွေကို ရေရှည်မှာ ခြိမ်းခြောက်လာနိုင်ကြောင်း အကြိမ်ကြိမ် သတိပေးထားပါတယ်။ ခန့်မှန်းမှုတွေအရ လက်ရှိ နှုန်းအတိုင်း ဆက်သွားနေမယ်ဆိုရင် ကိုလံဘီယာမှာ ရေမြင်းကောင်ရေဟာ ၁၀၀၀ ကျော်ထိ ရောက်ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။