ထိုင်းမှာ သုံးလနီးပါး ပိတ်လှောင်ခံနေရတဲ့ မြန်မာအမျိုးသမီးဆယ်ဦးကို ကယ်ထုတ်နိုင်ခဲ့

နိုဝင်ဘာ၊ ၃
 
ထိုင်းနိုင်ငံ၊ဘန်ကောက်၊ ပချန်အိုစင် (၁၇)လမ်းမှာရှိတဲ့ ထိုင်းလူမျိုး အမျိုးသမီးပိုင် အထည်ချုပ်စက်ရုံမှာ သုံးလနီးပါးကြာအောင် ပိတ်လှောင်ခံထားရတဲ့ မြန်မာအလုပ်သမားအမျိုးသမီးဆယ်ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (MHAC)၊ Labor Protecting Network (LPN) ဖောင်ဒေးရှင်းနဲ့ ထိုင်းနိုင်ငံအာဏာပိုင်အဖွဲ့စုံတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ဝ ရက်က ဝင်ရောက်ကယ်ထုတ်ခဲ့တယ်လို့ MHAC က တာဝန်ရှိသူက ပြောပါတယ်။
 
အဲဒီမြန်မာအလုပ်သမား အမျိုးသမီးတွေဟာ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းကဖြစ်ပြီး သုံးလနီးပါးလောက် ပိတ်လှောင်ခံရကာ အလုပ်လုပ်တွေ လုပ်နေခဲ့ရပေမယ့် အဲဒီအတွက် လုပ်ခလစာ မရဘူးလို့လည်း ဆိုပါတယ်။
 
ဒါ့ကြောင့် MHAC အဖွဲ့ကို အောက်တိုဘာလ ၃ ရက်က ဆက်သွယ်အကူအညီတောင်းခံလာတဲ့အတွက် ၁၀ ရက်၊ ၁၁ နာရီခွဲလောက်မှာ သူတို့ ပိတ်လှောင်ခံထားရတဲ့ နေရာကို ထိုင်းအာဏာပိုင်တွေနဲ့အတူ ဝင်ရောက်ကယ်တင်ခဲ့တာလို့လည်း သိရပါတယ်။
 
“ ထိုင်းအာဏာပိုင်တွေ သူတို့ပို့ထားတဲ့ Location နဲ့သွားတာ သူတို့နေရာကို ရောက်တယ်။ ဝင်တဲ့အချိန်မှာ သူဌေးမဘက်က တံခါးဖွင့်မ‌ပေးဘူး၊ ကျွန်တော်တို့ကို မိန်းကလေးတွေက အပေါ်ကနေ လက်တွေပြပြီးတော့ ဒီမှာကျမတို့ကိုကယ်ပေးပါဆိုပြီး အပေါ်ကအော်တော့မှ အပေါ်မှာလှမ်းပြီးတော့ လာကယ်ခိုင်းလို့ လာကယ်တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေက ပြောမှသာ ထိုင်းအလုပ်ရှင်သူဌေးမက တံခါးဖွင့်ပေးတာ ” လို့ အဲဒီ MHAC တာဝန်ရှိသူ ကိုရဲမင်းက ပြောပါတယ်။
 
အဲဒီအမျိုးသမီးဆယ်ဦး တရက်ကို သာမာန်အလုပ်သမားတယောက်ရဲ့ အလုပ်လုပ်ချိန်ထပ်ပိုပြီး လုပ်ကိုင်နေရတဲ့အပြင် စက်ရုံထဲမှာပဲ ဘယ်မှသွားလို့မရအောင် CCTV အပြည့်ရှိတဲ့ နေရာတွေမှာ ပိတ်လှောင်ထားခံခဲ့ရတာပါ။
 
အဲဒီ ပိတ်လှောင်ခံတဲ့ အမျိုးသမီးတွေထဲမှာ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် အထောက်ထားအပြည့်စုံရှိသူ ခုနှစ်ဦးရှိပြီး ကျန်တဲ့သုံးယောက်က အထောက်ထားမရှိသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
“ ဒီမိန်းကလေးတွေကို ထိုင်းအစိုးရရဲ့စောင့်ရှောက်မှုအောက်မှာ လောလောဆယ်ထားထားတယ်။ လက်ရှိသူဌေးမကို မြန်မာမိန်းကလေးတွေကို အခန်းပိတ်လှောင်ထားပြီး ခိုင်းစေမှု၊ လုပ်အားခ ခေါင်းပုံဖျက်ခိုင်းစေမှု ဒါတွေနဲ့ တရားစွဲဆိုထားတယ် ” လို့ MHAC မဟာမိတ်အဖွဲ့ တာဝန်ရှိသူ ကိုရဲမင်းက ပြောပါတယ်။
 
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ကတော့ ကိုဗစ်ရောဂါ ဖြစ်တာနဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုကြောင့် လစဉ် မြန်မာနိုင်ငံသားလေးသောင်းနီးပါး ပြည်ပကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ထားတာပါ။
 
အဲဒီလိုထွက်ခွာရာမှာ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကုန်ကျစရိတ်မများဘဲ နည်းပညာပိုင်း၊ အတတ်ပညာပိုင်း မလိုအပ်သလို ငွေကြေးသင့်တင့်စွာ ရရှိတဲ့ ထိုင်းနိုင်ငံကိုတရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်သူ များလာခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ တရားဝင် မြန်မာအလုပ်သမား လေးသိန်းခန့်ရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြထားပေမယ့် တရားမဝင်အလုပ်သမားတွေ ထည့်တွက်ရင် သန်းနဲ့ချီရှိနိုင်တယ်လို့ အလုပ်သမားရေးရာ ကျွမ်းကျင်သူတွက ဆိုပါတယ်။
 
“ အလုပ်ကိုင်အခွင့်လမ်းတွေ ရှားပါးပြီးတော့ အနာဂတ်တွေ ပျောက်ဆုံးခဲ့ရတယ်။ အဲ့တာကြောင့် အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံထဲကို အောက်လမ်းကရော၊ နီးစပ်ရာ လမ်းကြောင်းတွေကနေ ခိုးဝင်ကြရတယ်၊ လုပ်ကိုင်ကြရတယ် “ လို့ ကိုရဲမင်းက ပြောပါတယ်။
 
ဓာတ်ပုံ – MHAC