ဘင်္ဂလားဒေ့ရှ်မှာ စက်ရုံအလုပ်သမားတွေ ဆန္ဒပြမှုကြောင့် အထည်ချုပ် စက်ရုံ ရာနဲ့ချီ ပိတ်ထားရ

နိုဝင်ဘာ၊ ၃

စက်ရုံအလုပ်သမားတွေ ဆန္ဒပြကြရာက အရှုပ်အထွေးတွေ ဖြစ်ပေါ်လာပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရာနဲ့ချီတဲ့ အထည်ချုပ် စက်ရုံတွေ ပိတ်ထားရပါတယ်။

အထည်ချုပ် စက်ရုံဝန်ထမ်းတွေက အနိမ့်ဆုံး လစာကို ၃ ဆနီးပါးလောက် မြှင့်တင်ပေးဖို့ တောင်းဆို ဆန္ဒပြရာက နောက်ဆက်တွဲ ဆူပူမှုတွေ ပေါ်ပေါက်လာတာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ် စက်ရုံပေါင်း ၃၅၀၀ လောက် ရှိနေပြီး အာရှတောင်ပိုင်း နိုင်ငံရဲ့ ပြည်ပ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၅၅ ဘီလီယံရဲ့ ၈၅ ရာခိုင်နှုန်းလောက်ဟာ အထည်ချုပ် လုပ်ငန်းတွေကနေ ရရှိနေတာပါ။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ် စက်ရုံတွေဟာ Adidas၊ Gap၊ H&Mနဲ့ Levi Struassတို့လို နိုင်ငံတကာ ဖက်ရှင်နဲ့ အားကစား အမှတ်တံဆိပ်ကြီးတွေအတွက် တာဝန်ယူ ချုပ်လုပ်ပေးနေပေမယ့် အထည်ချုပ် လုပ်သားတွေရဲ့ ဘဝကတော့ ဆင်းရဲကျပ်တည်း နိမ့်ကြနေကြဆဲ ဖြစ်ပါတယ်။

အမျိုးသမီး ဝန်ထမ်း အများစု အလုပ်လုပ်လေ့ရှိတဲ့ အထည်ချုပ် စက်ရုံတွေမှာ အခြေခံ လုပ်ခဟာ ၈၃၀၀ တာကာလောက်နဲ့ စတင်လေ့ ရှိပါတယ်။ အဲဒီ ပမာဏဟာ အမေရိကန်သုံး ၇၅ ဒေါ်လာလောက်နဲ့သာ ညီမျှပါတယ်။ ဆန္ဒပြသူတွေက အခြေခံ လုပ်ခကို ၂၃၀၀၀ တာကာထိ တိုးမြှင့်ပေးဖို့ တောင်းဆိုပြီး စက်ရုံတွေဖက်က မလိုက်လျောဘဲ တင်းတင်းမာမာ တုံ့ပြန်ရာက ပြဿနာတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၂ ရက်က ဘင်္ဂလားဒေ့ရှ်မှာ မြို့တော် ဒါကာ အပါအဝင် နိုင်ငံအနှံ့က အထည်ချုပ် စက်ရုံပေါင်း ၂၅၀ ကျော် ပိတ်ထားခဲ့ရပြီး ၅၀ ကျော်လောက်ဟာ ဖျက်ဆီးမှုတွေ ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆန္ဒပြမှုတွေ စတင်လာချိန်နောက်ပိုင်း အကြမ်းပတမ်း အခြေအနေတွေကြောင့် စက်ရုံလုပ်သား ၂ ဦးသေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်းလည်း သိရပါတယ်။

နိုဝင်ဘာ ၂ ရက်တုန်းက ထောင်နဲ့ချီ များပြားတဲ့ ဆန္ဒပြသူတွေဟာ ဒါကာမှာ လမ်းတွေကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့တာကြောင့် ရဲတွေနဲ့ အခြေအတင် ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြေပြေလည်လည် ညှိနှိုင်းပြီး လူစုခွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ပြဿနာတွေ အဆိုးဆုံး ဧရိယာတွေမှာ ရဲတပ်ဖွဲ့ကို ကူညီဖို့အတွက် အရန်တပ်တွေနဲ့ နယ်ခြားစောင့် တပ်တွေကို စေလွှတ် ဖြန့်ကျက်ထားကြောင်း သိရပါတယ်။

အထည်ချုပ် စက်ရုံလုပ်သားတွေက လက်ရှိ တရိပ်ရိပ် ကြီးမားလာတဲ့ ကုန်စျေးနှုန်းကြောင့် ရှိရင်းစွဲ လုပ်ခလစာနဲ့ ဘယ်လိုမှ ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အခုလို ဆန္ဒပြကြတာလို့ ပြောပါတယ်။ အထည်ချုပ် စက်ရုံတွေဟာ ဝန်ထမ်းတွေရဲ့ လုပ်အားကြောင့် ဝင်ငွေ အမြောက်အမြား ရရှိနေပေမယ့် အောက်ခြေကို လုံးဝ မငဲ့တဲ့ သဘောထားမျိုးက လက်ခံနိုင်စရာ မရှိဘူးလို့ ဆန္ဒပြသူ လုပ်သားတဦးက ဝေဖန်သွားခဲ့ပါတယ်။

 

Ref: CNA