လီဗာပူး တိုက်စစ်မှူး ဒီယက်ဇ်ရဲ့ ဖခင်ကို သူပုန်အဖွဲ့တခု ပြန်ပေးဆွဲထားတာလို့ ကိုလံဘီယာ အစိုးရ စွပ်စွဲ

နိုဝင်ဘာ၊ ၃

လီဗာပူး တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ရဲ့ ဖခင်ကို ပြန်ပေးဆွဲသွားတာဟာ အစိုးရ ဆန့်ကျင်ရေး လက်ဝဲစွန်း သူပုန် အဖွဲ့အစည်း တခုရဲ့ လက်ချက် ဖြစ်တယ်လို့ ကိုလံဘီယာ အစိုးရက ကြေညာခဲ့ပါတယ်။

 ကိုလံဘီယာ လက်ရွေးစင် ဒီယက်ဇ်ရဲ့ ဖခင်ဖြစ်သူ လူးဝစ်ဇ် မန်နျူရယ်လ် ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နိုင်ငံမြောက်ပိုင်း လာဂွာဂျာရာ ဒေသမှာ ဇနီးဖြစ်သူနဲ့အတူ သေနတ်သမားတွေရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ်စီး ပြန်ပေးသမားတွေက နောက်ပိုင်းမှာ ဒီယက်ဇ်ရဲ့ မိခင်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဖခင်ကိုတော့ ဖမ်းဆီးသွားခဲ့ပါတယ်။

CCTV လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ ပြန်ပေးသမားတွေဟာ မန်နျူရယ်လ် ဒီယက်ဇ်ကို ဖမ်းဆီးသွားတဲ့နောက် ဆီဆိုင်တခုမှာ ဓာတ်ဆီ ဝင်ဖြည့်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ကိုလံဘီယာ အစိုးရဟာ မန်နျူရယ်လ် ဒီယက်ဇ်ကို ကယ်ဆယ်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ထောင်နဲ့ချီ အသုံးပြုပြီး တောနင်း ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် ပြန်ပေးသမားတွေ သုံးခဲ့တဲ့ ဆိုင်ကယ်နှစ်စီးနဲ့ ကားတစီးကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မန်နျူရယ်လ် ဒီယက်ဇ်ရဲ့ တည်နေရာကိုတော့ မခန့်မှန်းနိုင်သေးပါဘူး။

နိုဝင်ဘာ ၂ ရက်မှာတော့ ကိုလံဘီယာ အစိုးရက အခု ပြန်ပေးမှုကို သူပုန်အဖွဲ့အစည်း တခုဖြစ်တဲ့ ELNက ကျူးလွန်တယ်လို့ စွပ်စွဲ ကြေညာလိုက်ပါတယ်။ ELNဟာ ကိုလံဘီယာရဲ့ လက်ကျန် အင်အား အတောင့်ဆုံး သူပုန် လက်နက်ကိုင် အဖွဲ့တခုဖြစ်ပြီး ဗင်နီဇွဲလားနဲ့ နယ်စပ်မှာ အဓိက ခြေကုပ်ယူ လှုပ်ရှားလေ့ ရှိပါတယ်။ ၁၉၆၄ ခုနှစ် ကတည်းက အစိုးရကို စတင်တော်လှန်လာတဲ့ ELNဟာ လက်ရှိအချိန်မှာ တပ်ဖွဲ့ဝင်အင်အား ၂၅၀၀ ဝန်းကျင်လောက် စုစည်းထားနိုင်ဆဲလို့ ယုံကြည်ရပါတယ်။

အစိုးရရဲ့ ဓားစာခံကယ်တင်ရေး အဖွဲ့ အကြီးအကဲဖြစ်သူ အော့တီ ပက်တီညိုကတော့ မန်နျူရယ်လ် ဒီယက်ဇ်ကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ELNကို တောင်းဆိုကြောင်း စပိန်ဘာသာနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ELNဖက်ကတော့ အစိုးရရဲ့ စွပ်စွဲချက်အပေါ် တုံ့ပြန် မှတ်ချက် မပေးသေးပါဘူး။

ကိုလံဘီယာနဲ့ လက်တင်အမေရိက နိုင်ငံတချို့မျာတော့ ချမ်းသာကြွယ်ဝတဲ့ ဘောလုံးသမားတွေရဲ့ မိသားစုဝင်တွေကို ဒုစရိုက်ဂိုဏ်းတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပစ်မှတ်ထားပြီး ပြန်ပေးဆွဲတာမျိုး ဖြစ်ရပ်တွေ အရင်ကလည်း ကြုံဖူးပါတယ်။

လီဗာပူး အသင်းကတော့ ဖခင်အတွက် စိတ်သောက ရောက်နေတဲ့ ဒီယက်ဇ်ကို အစွမ်းကုန် ပံ့ပိုး ကူညီမယ်လို့ ကြေညာထားပြီး နော်တင်ဟမ် ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ရလဒ်နဲ့ ပတ်သက်လို့ အသင်းမန်နေဂျာ ယာဂင်ကလော့ပ်က သူ့ကစားသမားတွေဟာ ညီအစ်ကိုလို ချစ်ခင်တဲ့ ဒီယက်ဇ်အတွက် အနိုင်ကစားပေးခဲ့ကြကြောင်း ပြောကြားသွားပါတယ်။

 

Ref: BBC