မိုးရေးမြို့မှာ ဖမ်းဆီးခံရတဲ့ မြန်မာစစ်ရှောင် သုံးဆယ်ကျော်ထဲက ဆယ်ဦးကို ပြန်မလွှတ်သေး

နိုဝင်ဘာ၊ ၂
 
အိန္ဒိယနိုင်ငံ နယ်စပ် မိုးရေးမြို့မှာ မြန်မာစစ်ရှောင် ၃၂ ဦးအပါအဝင် လူပေါင်း ၄၄ ဦးကို အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ‌နိုဝင်ဘာလ ၁ ရက် ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယနိုင်ငံက သတင်းဌာနတွေ ဖော်ပြချက်နဲ့ ကာယကံရှင်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်က မိုးရေးမြို့က ရဲအရာရှိတဦး စနိုက်ပါနဲ့ ပစ်ခတ်လုပ်ကြံခံရအပြီး အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အထူးစစ်ဆင်ရေးတရပ် ပြုလုပ်ကာ လူအများအပြားကို ဖမ်းဆီးခဲ့ရာမှာ အခုလို စစ်ရှောင် မြန်မာ ၃၂ ဦး ပါဝင်တာလို့ India Today သတင်းဌာနက ဆိုပါတယ်။
 
” ကျွန်မတို့ အကုန်လုံးကို ဘာမှမပြောပဲ အိမ်တခံခါးခေါက်ပြီး ဒီတိုင်း အကုန်ဖမ်းချသွားတာ။ ကျမတို့ တအိမ်လုံးကို ဖမ်းခေါ်သွားတာ ” လို့ ဖမ်းဆီးခံရာမှာပါဝင်ခဲ့သူ မြန်မာအမျိုးသမီးက DNA ကိုပြောပါတယ်။
 
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဟာ သူတို့မိသားစုသုံးဦးစလုံးကို ဖမ်းသွားပေမယ့် အသက်မပြည့်သေးတဲ့ သမီးဖြစ်သူကို လွှတ်ပေးဖို့ပြောတဲ့ အတွက် သားအမိနှစ်ဦးစလုံးကိုပြန်လွှတ်ပေးပြီး အမျိုးသားဖြစ်သူကို တော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆက်ပြောပါတယ်။
 
အဲဒီလို ဖမ်းဆီးခံရတဲ့ မြန်မာစစ်ရှောင်အများစုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းတဲ့ စစ်ကောင်စီကို ဆန့်ကျင်ရာကနေ ဖမ်းဆီးခံရမှာစိုးလို့ အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်နေရတဲ့သူတွေမှာ သိရပါတယ်။
 
” ကျွန်တော်တို့ စစ်ရှောင်တွေကို လိုက်ဖမ်းနေကြတာ သူတို့လူကြီး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်တယ်လို့ ပြောတယ်။ လိုက်ဖမ်းတဲ့အချိန်က တအားစောတော့ ဘယ်သူမှ အိပ်ယာမထကြသေးဘူး ” လို့‌ မိုးရေးမြို့ရောက် စစ်ရှောင်မြန်မာတဦးက ပြောပါတယ်။
 
အိန္ဒိယရဲအရာရှိ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး နိုဝင်ဘာလ ၁ ရက်မှာ မဏိပူရပြည်နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ ဗဟိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ မိုးရေး မနက်စျေးနဲ့ အနီးတဝိုက်ကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီအရာရှိကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံရတဲ့ “ကူကီး” လူမျိုး တဦးကို ရှာဖွေ ဖမ်းဆီးခဲ့ရာမှာအထောက်အထားမဲ့ မြန်မာလူမျိုး ၃၂ ပါဝင်နေတယ်လို့ ရဲအရာရှိတဦးပြောတာကို ကိုးကားပြီး Inida Today က ရေးသားထားပါတယ်။
 
အဲဒီလို ဖမ်းဆီးပြီးနောက် အမျိုးသမီးတွေနဲ့ အသက်ငယ်ရွယ်သူတွေကို ပြန်လွှတ်ပေးပြီး အမျိုးသား ဆယ်ဦးကိုတော့ နိုင်ငံခြားသားတွေ ထိန်းသိမ်းတဲ့ နေရာမှာ ဆက်လက်ဖမ်းဆီးထားပြီး အိန္ဒိယနိုင်ငံတရားဥပဒေအရ အရေးယူမယ်လို့ India Today က ဆိုပါတယ်။
 
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်လည်း အခုလို မြန်မာနိုင်ငံဘက်ကလာတဲ့ စစ်ရှောင် ၁၅ဝ ဝန်းကျင်ကို အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီး တချို့ကို စာရွက်စာတမ်း မပြည့်စုံတာ၊ အထောက်အထားမရှိတဲ့အတွက် အရေးယူမှုတွေ ရှိခဲ့ပါသေးတယ်။
 
ကုလသမဂ္ဂ လူသားချင်းစာနာမှု မဟာမင်းကြီးရုံး (UNHCR) ရဲ့ အဆိုအရ ၂၀၂၃ ခုနှစ်အထိ အိန္ဒိယနိုင်ငံမှာ မြန်မာဒုက္ခသည် ၇၄,၆၀၀ ကျော်ရှိပြီး လူပေါင်း ၅၄,၁၀၀ ကျော်ကတော့ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ရောက်လာသူတွေလို့ သိရပါတယ်။
 
ဓာတ်ပုံ – CJ