ဂါဇာ ဒုက္ခသည် စခန်းကို အစ္စရေး တိုက်ခိုက်ခဲ့တာက စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ကုလသမဂ္ဂပြော

နိုဝင်ဘာ ၊ ၂

ဂါဇာက ဒုက္ခသည် စခန်းတခုကို အစ္စရေးက တိုက်ခိုက်ခဲ့ခြင်းဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ အစ္စရေးဟာ ဂါဇာရဲ့ အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်တဲ့ ဂျာဘာလီယာ စခန်းကို လေကြောင်းကရော၊ မြေပြင်ကပါ နှစ်ရက်အတွင်း နှစ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးရဲ့ ထိုးစစ်အတွင်း စခန်းမှာ လူတွေ ဒါဇင်နဲ့ချီ သေဆုံးပြီး အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အစ္စရေး စစ်တပ်ကတော့ ဂျာဘာလီယာမှာ ထိုးစစ်ဆင်ခဲ့တာဟာ ဟားမားစ်တွေရဲ့ စစ်ရေး ထိန်းချုပ်မှု စင်တာတွေကို ပစ်မှတ်ထားခဲ့တာသာဖြစ်ပြီး ဟားမားစ် ခေါင်းဆောင် တဦးနဲ့ နောက်လိုက်တွေ တော်တော်များများကို သုတ်သင်နိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။

အစ္စရေးဟာ စစ်ဆင်ရေး ဆင်နွှဲခဲ့တာ မဟုတ်ဘဲ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီးကို လုပ်ဆောင်ခဲ့တာသာ ဖြစ်တယ်လို့ မျက်မြင် တဦးက စွပ်စွဲပါတယ်။

အစ္စရေးကတော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေဟာ ဟားမားစ်ရဲ့ မြေအောက် ဥမင်တွေနဲ့ လက်နက် သိုလှောင်ရုံတွေကို ဖျက်ဆီးဖို့ အဓိက ရည်ရွယ်ခဲ့သလို ဟားမားစ် စစ်ဦးစီး တဦးဖြစ်တဲ့ အီဘရာဟင် ဘိုင်ရီကို ရှင်းလင်းပစ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကတော့ ဂျာဘာလီယာမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး အရပ်သား သေဆုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေကို ဆန်းစစ် လေ့လာကြည့်တဲ့အခါ ဒီလို တိုက်ခိုက်မှုမျိုးဟာ မနှစ်မြို့စရာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ အလေးအနက် စိုးရိမ်လာကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။

ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုမှာ မိသားစုလိုက် သေဆုံးကုန်တာတွေတောင် ရှိခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပေမယ့် ထိခိုက်သေဆုံးမှု စာရင်း အတိအကျကိုတော့ အတည်ပြုဖို့ ခက်ခဲနေဆဲပါ။

အောက်တိုဘာ ၇ ရက်မှာ ဟားမားစ်တွေကို အစ္စရေးက စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့နောက် ဂါဇာမှာ ပါလက်စတိုင်း အရပ်သားတွေ သေဆုံးမှုဟာ ၉၀၀၀ နီးပါးထိ ရှိလာကြောင်းလည်း သိရပါတယ်။