ထောင်ကျနေခဲ့တဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ကိုဗစ်ကြောင့် ဆေးရုံတက်နေရ

နိုဝင်ဘာ ၊ ၂

ထောင်ဒဏ် ကျခံနေရသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ်ဟာ ကိုဗစ်ရောဂါ စွဲကပ်ပြီး ဆေးရုံ တက်နေရကြောင်း သိရပါတယ်။

နာဂျစ်ဘ်က နေထိုင်မကောင်းလို့ ဆေးစစ်မှု ခံယူခဲ့တဲ့အခါ ကိုဗစ် Positive ရလဒ် ထွက်ပေါ်လာတာကြောင့် အခုလို ဆေးရုံတက်နေရတာ ဖြစ်တယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

အသက် ၇၀ အရွယ် နာဂျစ်ဘ်ဟာ လောလောဆယ်မှာ ကျန်းမာရေး အခြေအနေ တည်ငြိမ်ပြီး quarantine ဝင်ရင်း ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သူ့ရဲ့ ကိုယ်ရေး အရာရှိ မူဟာမက် မူခ်လစ္စ မာဂရီဘီက ပြောပါတယ်။

နာဂျစ်ဘ်ဟာ ဖျားနာနေကြောင်း အရေးဆိုတာကြောင့် အောက်တိုဘာ ၃၁ ရက်မှာ အကျဉ်းထောင်ကနေ ဆေးရုံကို သွားရောက် စစ်ဆေးမှု ခံယူခဲ့တာ ဖြစ်ပါတယ်။

သူဟာ 1MDB အရှုပ်တော်ပုံလို့ နာမည်ကျော်တဲ့ အစိုးရ ရန်ပုံငွေ အလွဲသုံးစားမှုကြီးနဲ့ ဆက်စပ်ပြီး ပြစ်မှု ထင်ရှားကြောင်း စစ်ဆေး တွေ့ရှိတဲ့အတွက် ထောင်ဒဏ် ၁၂ နှစ် ကျခံနေရပါတယ်။

အမေရိကန်နဲ့ မလေးရှား စုံစမ်းရေး အရာရှိတွေက နာဂျစ်ဘ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေတဲ့ ကာလအတွင်း အကောင်အထည် ဖော်ခဲ့တဲ့ ဖွံ့ဖြိုးရေး စီမံကိန်း 1MDBကနေ အနည်းဆုံး ဒေါ်လာ ၄.၅ ဘီလီယံလောက် ခိုးယူခံရပြီး အဲဒီထဲက ဒေါ်လာ ၁ ဘီလီယံလောက်ဟာ နာဂျစ်ဘ်နဲ့ တိုက်ရိုက် ဆက်စပ်နေမယ်လို့ ယုံကြည်ရကြောင်း ပြောပါတယ်။

နာဂျစ်ဘ်ရဲ့ မိသားစုဟာ အလွဲသုံးစား ပြုထားတဲ့ ငွေကြေးတွေကို ဇိမ်ခံအိမ်တွေနဲ့ အသုံးအဆောင်တွေ၊ ပီကာဆို ပန်းချီကားတွေအပြင် ကိုယ်ပိုင်လေယာဉ်တစီး၊ ဇိမ်ခံရွက်လှေနဲ့ ဟိုတယ်တွေ၊ လက်ဝတ်ရတနာတွေ ဝယ်ယူဖို့ပါ အသုံးပြုခဲ့ပါတယ်။ ပြီးတော့ ၂၀၁၃ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် The Wolf of Wall Streetရဲ့ ထုတ်လုပ်ရေး ကိစ္စမှာပါ ထည့်ဝင်ခဲ့တယ်လို့ စုံစမ်းရေး အဖွဲ့တွေက ပြောပါတယ်။

နာဂျစ်ဘ်ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ တွင်တွင် ငြင်းဆိုထားပါတယ်။ သူဟာ စွဲချက်တွေအတွက် ပြစ်မှုထင်ရှားကြောင်း ၂၀၂၀ ပြည့်နှစ်မှာ စီရင်ချက် ချမှတ်ခံခဲ့ရပြီး အယူခံ အရေးနိမ့်ခဲ့တဲ့နောက် မနှစ်က ဩဂုတ်လက စပြီး ပြစ်ဒဏ် ကျခံနေရတာ ဖြစ်ပါတယ်။