နယ်ကျော်လာတဲ့ လေကြောင်း၊ ကြည်းကြောင်း မှန်သမျှတိုက်ထုတ်မယ်လို့ “ဝ”တပ်ဖွဲ့သတိပေး

နိုဝင်ဘာ ၊ ၁

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တွေရဲ့ ရှမ်းမြောက်တိုက်ပွဲအတွင်း ဘယ်ဘက်ကမှ ပါဝင်တိုက်ခိုက်မှာမဟုတ်သလို လေကြောင်း၊ကြည်းကြောင်းကနေစစ်ရေးဆိုင်ရာနယ်ကျော်လာရင်လည်း တိုက်ထုတ်မယ်လို့  “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ/၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

“ဝ”တပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ရေးမူကို ကျင့်သုံးနေပြီးပဋိပက္ခအတွင်း ပါဝင်နေတဲ့ အင်အားစုတွေအနေနဲ့လည်း စစ်ပွဲတွေရပ်ကာ ဆွေးနွေးဆောင်ရွက်ကြဖို့ အဲဒီထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

နယ်ကျော်လာတဲ့ စစ်ရေးတွေကို တိုက်ထုတ်မယ်ဆိုတာဟာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ စစ်ကောင်စီအပေါ် ရည်ရွယ်သတိပေးလိုတဲ့သဘောဖြစ်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“လေကြောင်းက ကျော်လာတာပဲဖြစ်ဖြစ် တိုက်မယ်ဆိုတာကတော့ စစ်ကောင်စီကို သတိပေးတာပေ့ါလေ၊သူတို့နဲ့လည်း နယ်မြေက ကပ်နေတာကိုးဗျ၊ ကိုးကန့်တို့၊ ချင်းရွှေဟော်တို့ကို လေကြောင်းထိုးစစ်လုပ်မယ်ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် သူ့ဘက်ကျော်လာရင်ဆိုပြီး ကြိုကာထားတဲ့သဘော”လို့ သူကပြောပါတယ်။

UWSA ရဲ့လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ ထုတ်ပြန်ချက်ပါ အချက်တွေနဲ့ပတ်သက်လို့ ထပ်ပြီအသေးစိတ်ရှင်းပြဖို့ ငြင်းဆန်ပါတယ်။

“ဝ”ဒေသနဲ့ထိစပ်နေတဲ့ ကိုးကန့်ဒေသလောက်ကိုင်မြို့ခံတဦးကလည်း စစ်ကောင်စီနဲ့ ညီနောင်မဟာ မိတ်တွေ တိုက်ပွဲဖြစ်ပြီးနောက် “ဝ”တပ်ဖွဲ့တွေဟာ စစ်ဘေးရှောင်တွေကိုကြိုဆိုလက်ခံပေးသလို လုံ ခြုံရေးအတွက်လည်းအသင့်ပြင်ထားတဲ့အခြေ အနေတွေ့ရတယ်လို့ DNA ကိုပြောထားပါတယ်။

” ရွှေလီမြစ်အရှေ့ဘက် ကမ်းတလျှောက်လုံးကို သူတို့က အသင့်အနေ ထားနဲ့ထိုင်နေတာ၊လက်နက်ကျတာနဲ့ ပြန် တွယ်မယ် ပုံစံမျိုးပဲ ” လို့ အဲ့ဒီလောက်ကိုင် ဒေသခံအမျိုးသားက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် “၀”ဒေသထဲ ထွက်ပြေးလာကြရတဲ့ စစ်ဘေးရှောင်တွေကို အခမဲ့ကူညီစောင့်ရှောက်သွားမယ်လို့လည်း “၀”အဖွဲ့ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကိုးကန့်ဒေသတိုက်ပွဲတွေ ကြောင့် “၀”ဒေသထဲ ရောက်လာတဲ့ စစ်ရှောင် တသောင်းဝန်းကျင်ရှိပြီး တချို့ကတော့လက်ရှိမှာနေရပ်ပြန်သွားကြပြီလို့ ဦးညီရန်းက DNA ကို ပြောပါတယ်။

UWSP/UWSA ရဲ့ အဲဒီသဘောထားထုတ်ပြန်ချက်ဟာ တရုတ်ရဲ့ သဘောထားနဲ့ တိုက်ဆိုင်နေပြီး နွေ ဦးတော်လှန်ရေးအင်အားစုတွေအပေါ်မှာလည်း သ ဘောထားမှန်ကန်ကြောင်း သုံးသပ်နိုင်တယ်လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

“FPNCC လို့ခေါ်တဲ့ မြောက်ပိုင်းခုနှစ်ဖွဲ့ရဲ့အနေအ ထားအောက်မှာ တရုတ်ရဲ့သဘောထားနဲ့ ညှိနှိုင်းပြီးတော့ ထုတ်ပြန်တဲ့ ကြေညာချက်ပေ့ါ၊ဆိုလိုတာက ဒီဖြစ်နေတဲ့စစ်ပွဲမှာ စစ်ကောင်စီဘက်ကလည်း မပါဘူး၊ နွေဦးတော်လှန်ရေးဘက်ကလည်း မပါဘူး။ ကြားနေတယ်။ဒါ တရုတ်ရဲ့ ရပ်တည်ချက်၊ နောက်တခုက စစ်ပွဲရပ်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ ဒါလည်း တရုတ်ရဲ့ သဘောထားအတိုင်းပါပဲ”လို့ သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကြေညာပြီး စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့ ကန့်(MNDAA)၊ တအာင်း(TNLA)နဲ့ ရခိုင်(AA)တို့ဟာ “၀”အဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်တွေလည်း ဖြစ်ကြပါတယ်။

MNDAA တပ်ဖွဲ့က ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ခုနှစ်က လောက်ကိုင်မြို့ကို ထိုးစစ်ဆင်တိုက် ခိုက်ရာမှာ “ဝ”တပ်ဖွဲ့ထုတ် လက်နက်တွေအသုံးပြုခဲ့တယ်လို့ စစ်အုပ်စုကအဲ့ဒီအချိန်က အကျယ်တဝင့်ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဦးဆောင်ပြီး တခြားတော် လှန်ရေးတပ်ဖွဲ့တွေလည်းပါဝင်တိုက်ခိုက်နေတဲ့လက်ရှိစစ်ဆင်ရေး ခြောက်ရက်တာကာလအတွင်း ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်းမြို့နဲ့ သိန္နီမြို့တို့ကို အပြီးတိုင် သိမ်းပိုက်၊ ထိန်းချုပ်နိုင်ပြီဖြစ်ပြီး တပ်စခန်းပေါင်း ၉၀ နီးပါးကိုလည်း သိမ်း ပိုက်နိုင်ခဲ့တယ်လို့ MNDAA ကထုတ်ပြန်ထားပါတယ်။

အဲဒီလို အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ လေ ကြောင်းတိုက်ခိုက်မှုတွေ၊ ဖျက်အားပြင်းဒုံးကျည်တွေသုံးကာ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေပြီး တရုတ်နိုင်ငံထဲလက်နက်ကြီးတချို့ ကျရောက်ခဲ့တာရှိသလို အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

ပုံစာ- စစ်ရေးပြအခမ်းအနားတခုမှတွေ့ရတဲ့ UWSA တပ်ဖွဲ့ဝင်တွေ