နိုဝင်ဘာ၊ ၁
(မြန်မာပြည်သူ တချို့ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက ထိုးစစ်တွေဟာ ပိုမို ကျယ်ပြန့်တဲ့ အပြောင်းအလဲတွေအတွက် တွန်းအား ဖြစ်စေပြီး အဆုံးသတ်မှာ စစ်တပ် အုပ်စိုးမှုကို ဖယ်ရှားပစ်နိုင်တဲ့ထိ သက်ရောက်မှု ကြီးမားလာဖို့ မျှော်လင့်နေကြပါပြီ)
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကို နောက်ကြောင်းပြန်ကြည့်ရင် ကမ္ဘာအနှံ့မှာ ထင်ရှားမြင်သာတဲ့ အပြောင်းအလဲ ဖြစ်စဉ်တွေကို တွေ့နိုင်ပါလိမ့်မယ်။ တာလီဘန်တွေက အာဖဂန် နစ္စတန် နိုင်ငံကို ပြန်လည် ကြီးစိုး သိမ်းပိုက်သွားသလို ရုရှားနဲ့ ယူကရိန်းတို့ကြား စစ်ပွဲ စတင်ခဲ့တယ်။ အခုဆိုရင် အစ္စရေးနဲ့ ဟားမားစ်တို့ကြား စစ်မီး တောက်လောင်နေပြန်ပါပြီ။ ဒီအခြေအနေတွေဟာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ မြန်မာ ပြည်သူတွေရဲ့ ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှုတွေကို နိုင်ငံတကာ အာရုံစိုက်မှုကနေ လမ်းကြောင်း လွဲချော်စေခဲ့ပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှု ကင်းမဲ့နေချိန်မှာတောင် မြန်မာပြည်သူတွေရဲ့ ခုခံစစ်ပွဲနဲ့ ရုန်းကန် အားထုတ်မှုတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ ညံ့ဖျင်း အားနည်းချက်တွေကို ထင်သာမြင်သာ ဖြစ်လာအောင် မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကို ရောက်လာချိန်မှာ စစ်တပ်ဟာ နိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၃၂ ခုထက် မနည်းကို ထိန်းချုပ်ပိုင်ခွင့် ဆုံးရှုံးလိုက်ရပါတယ်။ အာဏာသက်ရောက် ကြီးစိုးနိုင်စွမ်း တစထက်တစ ကျဆင်းလာတဲ့ စစ်တပ်ဟာ ပြည်နယ်နဲ့တိုင်း ၉ ခုထဲက မြို့နယ် ၄၄ ခုထက် မနည်းမှာ စစ်အုပ်ချုပ်ရေး ကြေညာချက်တွေ ထုတ်ပြန်ထားရပြန်တယ်။ ဒီအခြေအနေတွေကို ကြည့်ရင် လက်ရှိ ပဋိပက္ခမှာ စစ်တပ်ဟာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခြေ လုံးဝ မရှိတော့ဘူးလို့ အမေရိကန် အခြေစိုက် နိုင်ငံရေး သုတေသီ တဦးက ပြောပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်ကို အမြစ်လှန်ပစ်နိုင်တဲ့ အဆင့်ထိ ရောက်ဖို့ဆိုရင် တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံတကာ ပံ့ပိုး ကူညီမှုတွေကိုတော့ လိုအပ်လိမ့်မယ်လို့ သူက ဆိုတယ်။
သူတို့ရဲ့ အာဏာ ချုပ်ကိုင်မှုကို ဆက်ထိန်းထားဖို့ သွေးရူးသွေးတန်း အားထုတ်မှု အနေနဲ့ စစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စီးရီးလိုက် ကျူးလွန်ပါတော့တယ်။ အကျိုးဆက် အနေနဲ့ လူပေါင်း ၄၅၀၀ ကျော် သေဆုံးပြီး ၂၅၀၀၀ ဝန်းကျင်လောက် ဖမ်းဆီး ချုပ်နှောင် ခံခဲ့ရတယ်။ စစ်တပ်ဟာ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေး ဝတ်ပြုနေရာတွေ အပါအဝင် ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့တယ်။ မကြာသေးခင်က ကချင်ပြည်နယ်မှာ စစ်ရှောင် ပြည်သူတွေ စုဝေးနေထိုင်ရာ စခန်းတခုကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ညအချိန် အိပ်စက်နေတဲ့ ကလေးတွေနဲ့ အမျိုးသမီး အများစု အပါအဝင် ၃၉ ဦး သေဆုံးခဲ့ကြရပါတယ်။
ဇူလိုင် လဆန်းကစလို့ စစ်အာဏာရှင်တွေဟာ ကချင်ပြည်နယ်ထဲက ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးမှာ အာဏာသိမ်း စစ်တပ်ဟာ အင်အား ၁၅၀၀ လောက်ထိ အသုံးပြုခဲ့တယ်လို့ ယူဆရပြီး KIAက ရက္ခိုင့်တပ်တော် (AA) အပါအဝင် တခြား မဟာမိတ်တွေရဲ့ အကူအညီနဲ့ ထိထိရောက်ရောက် တွန်းလှန်နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ထိပ်တန်း စစ်ဦးစီးတွေ အပါအဝင် စစ်ခေါင်းဆောင်တွေဟာ အဂတိမှု၊ ရာဇဝတ် လုပ်ငန်းတွေမှာ ဆက်နွှယ်မှုတွေနဲ့ စွပ်စွဲခံရပြီး ဖမ်းဆီးထောင်ချ ခံခဲ့ကြရတယ်။
ကချင်ပြည်နယ်မှာ စစ်တပ်ရဲ့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်မှု တအိအိ တိုက်စားခံရပြီး အားလျော့ ကျေပျက်လာချိန်မှာ ထင်မှတ်မထားတဲ့ အလှည့်အပြောင်း တခုက ကချင်နဲ့ ဆက်စပ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရုတ်တရက် ပေါ်ပေါက်လာတယ်။ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းမှာ တိုင်းရင်းသား မဟာမိတ် တပ်တွေက အော်ပရေးရှင်း ၁၀၂၇ ကို စတင်ခဲ့ပြီး အတိုင်းအတာ ကျယ်ပြန့်လှတဲ့ ထိုးစစ်တခုကို ဆင်နွှဲလိုက်ပါတယ်။ အဲဒီ စစ်ဆင်ရေးဟာ နိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုမှာ အလှည့်အပြောင်းကြီး တခုလည်း ဖြစ်လာနိုင်ပါတယ်။
အော်ပရေးရှင်း ၁၀၂၇ အကြောင်း တစေ့တစောင်း
အော်ပရေးရှင်း ၁၀၂၇ ကို ညီနောင် မဟာမိတ် သုံးဖွဲ့ (3BHA)က ဆင်နွှဲတာ ဖြစ်ပါတယ်။ 3BHAမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ စုစည်းထားတာ ဖြစ်ပါတယ်။ အော်ပရေးရှင်း ၁၀၂၇ ရည်မှန်းချက်က တရုတ်-မြန်မာ နယ်စပ်နားက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့အစည်းတွေကို ထိုးစစ်ဆင်ဖို့ပါ။
စစ်ဆင်ရေး စတင်တဲ့ နေ့ရက်ကို အစွဲပြုပြီး အော်ပရေးရှင်း ၁၀၂၇ ကို နာမည်ပေးထားတာ ဖြစ်ပါတယ်။ အော်ပရေးရှင်း ၁၀၂၇ မှာ စစ်ရေး ရည်မှန်းချက်တွေ စုံစုံလင်လင် ကွဲကွဲ ပြားပြား ပါဝင်နေပါတယ်။ 3BHAက အော်ပရေးရှင်း ၁၀၂၇ ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေကို ကြေညာရာမှာ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်များကို ကာကွယ်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမို ထိန်းချုပ်နိုင်ရေး၊ မိမိတို့ အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့ည အချိန်မရွေး ပစ်ခတ် တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှု ရရှိနိုင်ရေး စတာတွေကို ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာပြည်သူ တရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဆိုတဲ့အချက်ကိုလည်း 3BHAရဲ့ ရည်မှန်းချက် ကြီးမားတဲ့ စစ်ဆင်ရေး ရည်မှန်းချက်ထဲမှာ ထည့်သွင်းထားပါတယ်။
နောက်ပြီး လက်ရှိ တရုတ်-မြန်မာ နယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်း လောင်းကစား လိမ်လည်မှု ပပျောက်ရေး၊ အွန်လိုင်းဂိမ်း (ကျားဖြန့်) ကုမ္ပဏီများနှင့် အဆိုပါ လုပ်ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များကို နှိမ်နင်းနိုင်ရေး ဆိုတဲ့ အချက်တွေကလည်း ဒီစစ်ဆင်ရေးကြီးကို အစပြုခဲ့တဲ့ အကြောင်းတရားတွေအဖြစ် ပါရှိနေတာ တွေ့ရပါတယ်။
၂၀၁၇ မှာ စတင် စုစည်းနိုင်ခဲ့တဲ့ 3BHAမှာ အတော်လေး ထင်ရှားမြင်သာတဲ့ စစ်အင်အားမျိုး ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ရပါတယ်။ MNDAAမှာ တိုက်ပွဲဝင်အင်အား ၆၀၀၀ လောက်ရှိပြီး TNLAမှာ ၈၀၀၀ ဝန်းကျင် ရှိပါတယ်။ AAကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်သည် အင်အား ၅၀၀၀ နဲ့ ၆၀၀၀ ကြားလောက် ဖြန့်ကျက်ထားပြီး ဌာနချုပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ နောက်ထပ် ခန့်မှန်းအင်အား ၃၀၀၀၀ လောက် ပိုင်ဆိုင်ထားပါတယ်။ အော်ပရေးရှင်း ၁၀၂၇ မှာ ပါဝင်တိုက်ခိုက်နေတဲ့ စစ်အင်အားဟာ ၂၀၀၀၀ ဝန်းကျင်လောက်လို့ ယူဆရပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှု နောက်ပိုင်းကျမှ ပေါ်ထွန်းလာတဲ့ ဗမာ့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (BPLA)နဲ့ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)တို့ကလည်း ဒီစစ်ဆင်ရေးကြီးမှာ အစိတ်အပိုင်း တခုအဖြစ် ကူညီ တိုက်ခိုက်နေတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အစည်း အများအပြားကလည်း အော်ပရေးရှင်း ၁၀၂၇ ကို ထောက်ခံကြောင်း ပြသနေကြတယ်။ မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်မတော် (M-PDF)က တခြား စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစု တခုဖြစ်တဲ့ မန္တလေး တပ်ရင်း ၄ နဲ့အတူ အော်ပရေးရှင်း ၁၀၂၇ ကို ကူညီ ရပ်တည်ဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းမှာလည်း ကရင် အမျိုးသား အစည်းအရုံး (KNU)က စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပြီး ကော့ကရိတ် မြို့နယ်ထဲက စစ်တပ်နဲ့ လုံခြုံရေးစခန်း တချို့ကို သိမ်းပိုက်ဖို့ အားထုတ်ခဲ့တယ်။ အဲဒီ စစ်ရေး ပဋိပက္ခတွေအတွင်း ထိခိုက်သေကြေမှုတွေ၊ ဖမ်းဆီးခံရမှုတွေ ရှိခဲ့တယ်။
နောက်တနေ့မှာတော့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက 3BHAရဲ့ ထိုးစစ် ဆင်နွှဲနေမှုတွေကို ထောက်ခံ ရပ်တည်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အော်ပရေးရှင်း ၁၀၂၇ ဟာ ခပ်မြန်မြန်ပဲ ရလဒ်ကောင်းတွေ ရရှိနေတယ်လို့ ယုံကြည်ရပါတယ်။ အောက်တိုဘာ ၂၇ ရက် မနက် ၁၀း၀၀ နာရီ ဝန်းကျင်လောက်မှာ MNDAAဟာ စစ်ရေး တင်းမာမှုတွေ ရှိနေတဲ့တိုင်အောင် တရုတ်-မြန်မာ နယ်စပ်က လောက်ကိုင် မြို့နယ်ထဲမှာ တည်ရှိတဲ့ ချင်းရွှေဟော်မြို့ကို ထိန်းချုပ်လိုက်နိုင်တယ်။ ညနေကျတော့ ချင်းရွှေဟော် တဝိုက်က စစ်တပ် အခြေစိုက် စခန်းတွေနဲ့ ရှေ့တန်း စခန်းငယ်တွေကို ချေမှုန်းပစ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းက တခြား စစ်ကောင်စီ တပ်စခန်း ၃ ခုထက်မနည်း ကျသွားပြီး စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်။ ရှမ်းပြည်နယ် မြောက်ဖျား ဒေသတွေမှာ စစ်တပ်ဆီက လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ အများအပြားကို 3BHAက သိမ်းယူနိုင်ခဲ့တယ်။
ဒီအခြေအနေကို တုံ့ပြန်တဲ့ အနေနဲ့ စစ်တပ်ဟာ ထုံးစံအတိုင်း လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို အသည်းအသန် မှီခိုပြီး 3BHAရဲ့ ထိုးစစ်ကို ဟန့်တားဖို့ ကြိုးစားခဲ့ပါတယ်။ စစ်တပ်က ရမ်းသန်းပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ဆန်တွေဟာ တရုတ်နယ်စပ်ထိ ကျရောက်ခဲ့ပြီး တရုတ်ဖက်က အရပ်သား နေအိမ်တချို့ပါ ထိခိုက်ခဲ့တယ်လို့ ဆိုတယ်။ ဒီအခြေအနေကြောင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက နယ်စပ်နားမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ချက်ချင်း ရပ်ဆိုင်းဖို့၊ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်း ဖြေရှင်းကြဖို့ တောင်းဆိုလာတယ်။ ဒါပေမဲ့လည်း စစ်ဆင်ရေးရဲ့ အရှိန်ကတော့ လျော့ပါးမသွားခဲ့ဘူး။ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)နဲ့ NUGရဲ့ မိုးကုတ် တပ်ရင်းတို့ကလည်း 3BHAရဲ့ စစ်ရေး အခင်းအကျင်းတွေကို ထောက်ခံပြီး ပါဝင်အားဖြည့်မယ်လို့ အသီးသီး ကြေညာခဲ့ကြတယ်။
စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်မှာတော့ တနိုင်ငံလုံး စစ်ပွဲသတင်းတွေကို စိတ်ဝင်တစား နားစွင့်နေခဲ့ကြတယ်။ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း တိုက်ပွဲငယ်တွေ ကြိုကြားကြိုကြား ပေါ်ပေါက်ခဲ့တယ်။
နောက်ပြီး NUGနဲ့ ဖက်ဒရယ် ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေက အောက်တိုဘာ ၂၇ ရက်ကို စစ်တပ် ကြီးစိုး အုပ်ချုပ်မှု ရက်ပေါင်း ၁၀၀၀ ပြည့်တဲ့နေ့အဖြစ် သတ်မှတ် ကြေညာပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန် မြှင့်တင်သွားမယ်လို့ ကတိပြုခဲ့တယ်။ အော်ပရေးရှင်း ၁၀၂၇ က ၃ ရက် ကြာမြင့်ပြီးတဲ့အခါ 3BHAဟာ စစ်တပ်ရဲ့ စခန်းငယ်တွေနဲ့ အခြေစိုက်စခန်း စုစုပေါင်း ၅၇ ခုလောက်ကို သိမ်းယူနိုင်ခဲ့ပြီး ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ စစ်သား ရာနဲ့ချီကို သုတ်သင်ရှင်းလင်းပြီး နောက်ထပ် စခန်း ၁၀ ခုကို ထပ်သိမ်းခဲ့သေးတယ်။
အောက်တိုဘာ ၂၉ ရက် ညနေပိုင်းမှာ အော်ပရေးရှင်း ၁၀၂၇ ရဲ့ ရလဒ်တွေအဖြစ် ချင်းရွှေဟော်ကို ပိုင်ပိုင်နိုင်နိုင် ဆက်ထိန်းထားပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုးမြို့ အရှေ့ဖက်မှာရှိတဲ့ စစ်စခန်း နှစ်ခုကိုလည်း 3BHAက ထပ်ရလိုက်ပြန်တယ်။ ဒါ့အပြင် တခြား မဟာမိတ် တော်လှန်ရေး အင်အားစုတွေကလည်း သိန္နီမြို့ တဝိုက်က စစ်စခန်းတွေကို သိမ်းယူလိုက်ပြီး မြို့ထဲမှာလည်း တိုက်ပွဲငယ်တွေ ဆက်လက် ဖော်ဆောင်ခဲ့တယ်။ သိန္နီဟာ လားရှိုူး-မူဆယ်၊ လားရှိုူး-ချင်းရွှေဟော် အဝေးပြေးလမ်းတွေ စုဆုံတဲ့ နေရာမှာ တည်ရှိပြီး တရုတ် နယ်စပ်ထိ ဆက်သွယ်ထားတာကြောင့် မဟာဗျူဟာအရ အရမ်းအရေးကြီးပါတယ်။
နိုင်ငံရေး မျက်နှာစာဖက် မျှော်ကြည့်ရင်တော့ ကရင်နီ ပြည်နယ်မှာ တောင့်တင်းတဲ့ လက်နက်ကိုင် အင်အားစု တခုဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)နဲ့ မြန်မာ့နိုင်ငံရေး ဦးဆောင် ညွန့်ပေါင်း အင်အားစု တခုလို့ ဆိုရမယ့် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)တို့က အောက်တိုဘာ ၂၉ ရက် စစ်ဆင်ရေးတွေကို ထောက်ခံကြောင်း အသီးသီး ကြေညာခဲ့တယ်။ စစ်မြေပြင်မှာလည်း တိုက်ပွဲတွေက တနေကုန် ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က ရိုးရာမပျက် လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို အားကိုးခဲ့တဲ့အပြင် သံချပ်ကာ ယာဉ်တွေကိုပါ အသုံးပြုပြီး တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးစစ်ကို တွန်းလှန်ဖို့ ကြိုးစားခဲ့တယ်။
လက်နက်ကိုင် တော်လှန်ရေးမှာ အရေးကြီးတဲ့ အရွေ့တခုလား
အော်ပရေးရှင်း ၁၀၂၇ မှာ စစ်ရေး ရည်မှန်းချက်တွေက အကန့်အသတ်ရှိပြီး ဒေသတွင်း စစ်ဆင်ရေး အဆင့်မျိုးသာ ဖြစ်ပါတယ်။ နောက်ပြီး ရည်မှန်းချက်တွေ ဘယ်လောက်ထိ အောင်မြင်မလဲ ဆိုတာကို ကောက်ချက်ချဖို့ကလည်း စောလွန်းနေပါသေးတယ်။ ဒါပေမဲ့ ငြင်းလို့မရတဲ့ အချက်ကတော့ အော်ပရေးရှင်း ၁၀၂၇ ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အကျိုးဆက် ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။ ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ စစ်တပ် အာဏာသိမ်းလိုက်ချိန် ကတည်းက မြန်မာနိုင်ငံဟာ ရှုပ်ထွေး ပွေလီလှတဲ့ နိုင်ငံရေး အကျပ်အတည်းထဲကို ကျရောက်သွားတယ်။ ပြည်သူ အများစုက နိုင်ငံမှာ အရေးပါပြီး ထင်ရှားမြင်သာတဲ့ အပြောင်းအလဲတွေကို တောင်းဆိုလာကြတယ်။
လောလောဆယ် အခြေအနေအရဆိုရင် စစ်တပ်ရော၊ ဒီမိုကရေစီ လိုလားတဲ့ တော်လှန်ရေး အင်အားစုတွေပါ သူတို့ရဲ့ ရည်မှန်းချက်တွေကို ရေတို ကာလထဲမှာ အရယူနိုင်မယ့် အခြေအနေမျိုး မတွေ့ရပါဘူး။ ဒီတော့ မြန်မာ့ နိုင်ငံရေး အခြေမနေက မလူးသာ မလွန့်သာ ဖြစ်နေပြီး ဖရန်ဆစ် ဖူကူယာမှာ သုံးနှုန်းခဲ့ဖူးသလို အလုပ်မဖြစ်တဲ့ မျှခြေ တခုကို ရောက်နေပါတယ်။ ဒီတော့ အော်ပရေးရှင်း ၁၀၂၇ ဟာ လက်ရှိ ရှေ့မတိုးသာ နောက်မဆုတ်သာ အီလေးဆွဲနေတဲ့ ကွင်းဆက်ကို ပြတ်တောက်သွားစေပြီး မြန်မာ့ နိုင်ငံရေးနဲ့ စစ်ရေး သွင်ပြင် လက္ခဏာတွေကို ပြောင်းလဲသွားစေနိုင်တဲ့ အလားအလာမျိုး ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
ပထမအချက်က 3BHAက ဆင်နွှဲတဲ့ စစ်ဆင်ရေး ရလဒ်တွေဟာ အာဏာသိမ်းမှုအလွန် မြန်မာစစ်တပ်ရဲ့ စစ်ရေး စွမ်းရည်ကို လက်တွေ့ကျကျ ဆန်းစစ်ဖို့အတွက် ဓာတ်ကူပစ္စည်း ဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာစစ်တပ်ရဲ့ အင်အားနဲ့ ပတ်သက်ပြီး စိုးရိမ်တကြီး ဆန်းစစ် ငြင်းခုံမှုတွေ မျိုးစုံ ရှိခဲ့တယ်။ တချို့က စစ်တပ်ရဲ့ စွမ်းရည်နဲ့ အင်အားကို လျှော့တွက်ပြီး တချို့ကလည်း လိုတာထက် ပိုပိုသာသာ အထင်တကြီး ဖြစ်ခဲ့ကြတယ်။ ဒီတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ရေး အခြေအနေတွေဟာ စစ်တပ်ရဲ့ အင်အားကို အမှန်တကယ် ဆန်းစစ်တဲ့ မှတ်ကျောက်တင်မှုတွေ ဖြစ်လာဖွယ်ရှိတယ်။ စစ်တပ်သာ အရှုံးရလဒ်နဲ့ ကြုံခဲ့မယ်ဆိုရင် တော်လှန်ရေး အင်အားစုတွေရဲ့ ယုံကြည်မှုပိုင်း တိုးတက်လာပြီး လက်ရှိ လက်နက်ကိုင် အုပ်စိုးသူတွေ ပိုမို အားလျော့လာတာ၊ နောက်ဆုံး ပြိုလဲသွားတာမျိုး အဆင့်ထိ ကြုံလာနိုင်ပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ စစ်တပ်ကသာ အခြေအနေကို ထိန်းချုပ်လိုက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်အုပ်စိုးမှု အဆုံးသတ်ရေးဟာ ဝေးကွာနေဆဲ အိပ်မက်တခုအဖြစ် ဆက်လက် ကျန်ရှိနေပါလိမ့်မယ်။
ဒုတိယ စဉ်းစားရမှာက လောလောဆယ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ နိုင်ငံရဲ့ တခြားဒေသတွေကိုပါ ကူးစက်သွားနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အနောက်ဖက်စွန်းက ရခိုင်ပြည်နယ်ကို စောင့်ကြည့်ရပါမယ်။ AAနဲ့ မြန်မာစစ်တပ်တို့ဟာ ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ကတည်းက အလွတ်သဘော အပစ်အခတ် ရပ်စဲထားပြီး အဲဒီ သဘောတူညီချက်ဟာ လက်ရှိ အချိန်ထိ တည်တံ့နေဆဲပါ။ ရခိုင်ပြည်နယ်ဟာ လောလောဆယ်မှာ အတော်လေး တည်ငြိမ်နေဆဲ ဖြစ်သလို မေလ ၁၄ ရက်တုန်းက ဆိုင်ကလုန်းမိုခါ မုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ဂယက်တွေကြောင့်လည်း ဒေသတွင်းမှာ လက်နက်ကိုင် အင်အားစုကြီးနှစ်ခု စစ်မက် ပြန်လည် ဖြစ်ပွားလာနိုင်ခြေက အတော်လေး ပါးလျနေပါတယ်။
လောလောဆယ် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ 3BHAက ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေမှာ AAက ပါဝင်တိုက်ခိုက်နေတဲ့အတွက် ရခိုင်ပြည်နယ်မှာ AA အင်အားစုတွေကို စစ်တပ် ခေါင်းဆောင်ပိုင်း ဘယ်လို သဘောထား တုံ့ပြန်မလဲ ဆိုတာကို စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေမျိုးမှာတော့ နောက်ထပ် စစ်မျက်နှာ အသစ်တခု ဖွင့်ဖို့ကို စစ်ဗိုလ်ချုပ်တွေရော၊ AAကပါ လိုလားမယ့်ဟန် မရှိပါဘူး။ ထည့်စဉ်းစားသင့်တဲ့ တချက်က ရခိုင်ပြည်နယ်မှာ စစ်တပ်က လက်နက် စမ်းသပ် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် စစ်ရေး တင်းမာမှုတွေ ရှိနေပြီး ထိန်းသိမ်းလို့ မရနိုင်တဲ့ အဆင့်ထိ အကျိုးဆက်တွေ ရိုက်ခတ်သွားနိုင်ပါတယ်။ နောက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ဆင်ရေးတွေကို အကြောင်းပြုပြီး တခြား တော်လှန်ရေး အင်အားစုတွေကရော သူတို့ရဲ့ ကိုယ်ပိုင် အစီအမံတွေ ကောင်းကျိုး ဖြစ်ထွန်းအောင် ဘယ်လိုဘယ်ပုံ အခွင့်ကောင်း ဖန်တီးယူနိုင်မလဲ ဆိုတာကိုလည်း ထည့်တွေးဖို့ လိုပါလိမ့်မယ်။
နောက်ဆုံး ထည့်တွက်ရမှာကတော့ အော်ပရေးရှင်း ၁၀၂၇ ဟာ မြန်မာ့ နိုင်ငံရေးနဲ့ ပဋိပက္ခတွေမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍတွေမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်ခြေ အလားအလာတွေကို ညွှန်ပြနေပါတယ်။ လက်ရှိ စစ်ပွဲတွေဟာ တရုတ်နဲ့ နယ်စပ်နားမှာ အဓိက ဖြစ်ပွားနေပြီး 3BHAက လမ်းမကြီးတွေကို ပိတ်ထားတာကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေး ကဏ္ဍအပေါ် ဆိုးကျိုးတွေ ရိုက်ခတ်စေမယ်ဆိုတာ သိပ်ပြီး ရှည်ရှည်ဝေးဝေး တွေးနေဖို့ မလိုပါဘူး။ တရုတ်ဟာ နယ်စပ်နားမှာ တည်တည်ငြိမ်ငြိမ် ရှိနေတာကိုပဲ လိုလားတဲ့ သဘောထားမျိုး ဆုပ်ကိုင်ထားပြီး နယ်စပ်တလျှောက် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေ၊ ငွေကြေးလိမ်လည်မှု ဒုစရိုက် ဂိုဏ်းတွေ ခြေရှုပ်နေတာကို စိတ်ပျက်ကြောင်း အတိအလင်း ပြသထားပါတယ်။ အဲဒီ ဒုစရိုက် ဂိုဏ်းတွေဟာ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ် (BGF)တွေရဲ့ အကာအကွယ်ကို ယူပြီး စိုစိုပြေပြေ ဖြစ်နေကြတာပါ။ အဲဒီဂိုဏ်းတွေနဲ့ အဆက်အစပ် ရှိနေတဲ့ လက်နက်ကိုင် အင်အားစုတွေမှာ ကိုးကန့် အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းလည်း ပါဝင်ပါတယ်။
တချို့ နိုင်ငံရေး လေ့လာသူတွေကတော့ တရုတ် အာဏာပိုင်တွေဟာ နယ်စပ် လုံခြုံရေးအတွက် မြန်မာ စစ်အာဏာရှင်တွေကိုပဲ အားထားနေရာကနေ တခြား အင်အားစုတွေနဲ့ပါ ညှိနှိုင်းဖို့ အပြောင်းအလဲတွေ ထည့်သွင်း စဉ်းစားလာနိုင်တယ်လို့ ပြောပါတယ်။ အဲဒီကိစ္စဟာ အထူးသဖြင့် ကိုးကန့်ဒေသမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အကျိုးဆက် အနေနဲ့ တချို့က အော်ပရေးရှင်း ၁၀၂၇ ကို ဆင်နွှဲဖို့ တရုတ် အစိုးရဖက်က မီးစိမ်းပြလိုက်တာလို့ ယူဆမှုတွေလည်း ရှိလာပါတယ်။ ဒါပေမဲ့ အဲဒီစစ်ဆင်ရေး စတင်တဲ့ နေ့မျာပဲ စစ်တပ်ကလည်း တရုတ်ကို မျက်နှာချိုသွေးတဲ့ လုပ်ရပ်အဖြစ် ဆိုက်ဘာ လိမ်လည်မှု လုပ်ငန်းတွေမှာ ပါဝင်နေတယ်ဆိုတဲ့ လူပေါင်း ၁၀၀ လောက်ကို ရန်ကုန်မှာ ဖမ်းဆီးပြခဲ့ပါတယ်။ ပြီးတော့ စစ်တပ် အရာရှိ တချို့ဟာ အောက်တိုဘာ ၂၈ ရက်တုန်းက ဘေဂျင်းကို သွားရောက်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး မြန်မာ စစ်တပ် အာဘော်ဖြစ်တဲ့ နိုင်ငံပိုင် သတင်းစာတွေကလည်း အခြေအနေကို ထိန်းသိမ်းဖို့အတွက် တရုတ် အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီအခြေအနေတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် လာမယ့် ရက်ပိုင်းတွေအတွင်း အော်ပရေးရှင်း ၁၀၂၇ ရဲ့ အရှိန်အဟုန်နဲ့ လားရာတွေမှာ တရုတ်ရဲ့ ကြားဝင်မှုကို စောင့်ကြည့်ဖို့ အရမ်း အရေးကြီးလာပါတယ်။ တရုတ်ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေဟာ ပဋိပက္ခအပေါ် အကြီးအကျယ် လွှမ်းမိုးမှု ရှိနိုင်ပြီး ဒေသရဲ့ ပိုမိုကျယ်ပြန့်တဲ့ ပထဝီဝင် နိုင်ငံရေး သွင်ပြင်တွေအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ အခုအခါမှာတော့ 3BHAရဲ့ အော်ပရေးရှင်း ၁၀၂၇ ဟာ မြန်မာ ပြည်သူတွေရော၊ ပြည်ပက စောင့်ကြည့်လေ့လာသူ အများအပြားရဲ့ အာရုံတွေကိုပါ ဖမ်းစားနေနိုင်ပါတယ်။ လက်ရှိ ဖြစ်စဉ်တွေဟာ တနိုင်ငံလုံး အတိုင်းအတာထိ ကျယ်ပြန့်တဲ့ အပြောင်းအလဲတွေအတွက် ဓာတ်ကူပစ္စည်း ဖြစ်လာဖို့ မျှော်လင့်ချက်ကိုလည်း ပြည်သူ အများအပြားက ဆုပ်ကိုင်ထားပါတယ်။
အဲဒီ မျှော်လင့်ချက်တွေဟာ ၂၀၀၉ ခုနှစ်တုန်းက မြန်မာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းကနေ ဆုတ်ခွာခဲ့ရတဲ့ MNDAAအပြင် အပေါင်းလက္ခဏာဆန်တဲ့ အပြောင်းအလဲတွေကို တောင့်တနေတဲ့ ပိုမို ကျယ်ပြန့်တဲ့ မြန်မာပြည်သူ တရပ်လုံးအတွက်ပါ မျှဝေယူထားကြတဲ့ အားသစ်တရပ်လည်း ဖြစ်လာခဲ့ပါတယ်။