ကေအဲန်ယူနယ်မြေအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးသုံးဦးအပါအဝင် ရှစ်ဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၁
 
ပဲခူတိုင်း၊ ကေအဲန်ယူ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်မှာ အောက်တိုဘာလ ၃၀ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးသုံးအပါအဝင် ရှစ်ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေထံက သိရပါတယ်။
 
“ တိုက်ပွဲဖြစ်သံလည်း မကြားရဘူး၊ ဒီအတိုင်းကို ရမ်းပစ်နေတာပါ ” လို့ ကျောက်ကြီးမြို့နယ်၊ ရေဖြူကန်ကျေးရွာ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (ကေအဲန်ယူ – လယ်ဒိုမြို့နယ်)မှာ အောက်တိုဘာလ ၃၀ ရက်၊ ညနေ ၃ နာရီခွဲခန့်က စစ်ကောင်စီတပ် ခလရ (၂၆၄) ဟာ သာယာကုန်းကျေးရွာကနေ ၁၂၀ မမ လက်နက်ကြီး နှစ်လုံးကို ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။
 
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ညီမနှစ်ဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် မအိရွှေစင်၊ အသက် ၁၈ နှစ်အရွယ် မသွန်းရွှေစင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်သေးသေးနဲ့ အသက် ၅၈ နှစ်အရွယ် ဦးထွေးတင်တို့မှာ ခန္ဓာကိုယ်အနှံ့မှာ လက်နက်ကြီးကျည် စထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အေကဲန်ယူဗဟိုက ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် အဲဒီနေ့ည ၈ နာရီကျော်ခန့်မှာလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် (ကေအဲန်ယူ – ဆောထိမြို့နယ်)မှာ စစ်ကောင်စီတပ် ခမရ (၂၀) ညောင်လေးပင်စခန်းနဲ့ လေဆူမှန်တိုင်းစခန်းမှ လက်နက်ကြီး ၁၂၂ မမ၊ ၈၁ မမ စုစုပေါင်း ၁၉ လုံးကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပျဉ်ရေကြီးကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ရေဖြူကန်ကျေးရွာ၊ ညောင်ပင်ကြီးကျေးရွာ၊ မီးလောင်ကုန်းကျေးရွာနဲ့ ရာဘာခြံတွေထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
 
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရေဖြူကန်ကျေးရွာ အသက်တနှစ်ခွဲအရွယ် မောင်မင်းခန့်ဇော်၊ အသက် သုံးနှစ်အရွယ် မယွန်းယွန်း၊ အသက် ၂၈ နှစ်အရွယ် မခင်မိုးဝေ၊ အသက် ၂၇ နှစ်အရွယ် ကိုရန်ဝင်းအောင်တို့မှာ ခြေထောက်၊ လက်နဲ့ မျက်နှာတွေမှာ ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
“ ဒဏ်ရာက မများဘူးပေါ့။ နည်းနည်းပါးပါး ပွန်းပဲ့တယ်။ အစထိမှန်သွားတာတွေပဲ များတယ် ။ အခုတော့ ဆေးကုသမှု ခံယူနေရတယ်ပေါ့ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်မှာဆိုရင် စစ်ကောင်စီလက်အောက်ခံတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး နေ့စဉ်ဆိုသလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
 
ဒီလိုမျိုး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေသလို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိနေတာလည်း ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်၊ ည ၁၀ နာရီခွဲခန့်ကလည်း ညောင်လေးပင်အခြေစိုက် ခမရ (၂၀) တပ်ရင်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့လို့ ချုံအင်း ကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားပါတယ်။
 
“ ဒီဘက်က ရွာသားတွေတော့ တိုက်ပွဲဖြစ်သံကြားတာနဲ့ ထွက်ပြေးတယ်။ လက်နက်ကြီးအသံကြားရင် ဗုံးခိုကျင်းထဲမှာ ဝင်ပုန်းတယ်။ တခါတလေ ရုတ်တရက်ကြီး လက်နက်ကြီး ကျလာတဲ့အခါမျိုးတော့ ပြေးမခင်၊ ပုန်းမခင်ဘူးပေါ့။ သူတို့ (စစ်တပ်)ကလည်း ဒီ ရွာသားတွေရှိနေတဲ့ နေရာတွေပဲ ပစ်ထည့်တော့ ပြေးမခင်တော့ ထိကြတယ်ပေါ့ ” လို့ နောက်ထပ် ဒေသခံတဦးက ပြောပါ တယ်။
 
မုန်းမြို့(မူး)၊ ရွှေကျင်မြို့နယ်(ဆောထိ)၊ ကျောက်ကြီးမြို့နယ် (လယ်ဒို) မြို့နယ်သုံးခုက ကေအဲန်ယူ ၊ ညောင်လေးပင် (ခလယ်လွီထူ)ခရိုင် တပ်မဟာ (၃) နယ်မြေမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။
 
ဓာတ်ပုံ – KNU