ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီလုပ်ဆောင်ချက်တွေက တိုက်ပွဲတွေဆီ ဦးတည်စေနိုင်တယ်လို့ AAပြော

နိုဝင်ဘာ၊ ၁
 
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရခိုင်မှာ အပစ်ရပ်ထားပေမယ့် တိုက်ပွဲကာလနဲ့ မခြားတဲ့ ပိတ်ဆို့၊ ကန့်သတ်မှုတွေ ပြည်သူတွေအပေါ် ဖမ်းဆီး၊ တရားစွဲဆိုမှုတွေ လုပ်နေတာဟာ တိုက်ပွဲတွေ ပြန်ဖြစ်လာဖို့ဦးတည်သွားစေနိုင်တယ်လို့ ရခိုင့်တပ်တော် AAပြောခွင့်ရ ခိုင်သုခက DNAကို ပြောပါတယ်။
 
“ ပိုပြီးတော့မှ တင်းမာပြီး ဆက်ပြီးတော့ တိုက်ပွဲဖြစ်တဲ့အထိ ဦးတည်သွားနိုင်တဲ့ အနေအထားတွေ ရှိတာပေ့ါနော်၊ ပထမအကြိမ် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်တာလည်းပဲ ဒီဟာတွေကြောင့်ပဲဖြစ်တယ်၊ ဒါကြောင့်မို့လို့ မြန်မာစစ်တပ်ဘက်က ဒီဟာတွေကို ရပ်တန်းက ရပ်ဖို့ လိုတာပေ့ါ ” လို့ သူကပြောပါတယ်။
 
စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ဟာ NLD အစိုးရလက်ထက်က နှစ်နှစ်ဝန်းကျင်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပြီးနောက် ၂၀၂၀ ခုနှစ်အတွင်းမှာ အပစ်အခတ်ရပ်စဲခဲ့ကြပါတယ်။ အဲဒီအပစ်ရပ်ကာလဟာ တနှစ်ကျော်သာ ကြာမြင့်ခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ကြပါတယ်။
 
အဲဒီနောက် လပိုင်းအကြာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုကြောင့် နှစ်ဖက်အလွတ်သဘော အပစ်ရပ်ခဲ့ကြပါတယ်။
 
ပြီးခဲ့တဲ့ ပထမအကြိမ် အပစ်ရပ်ကာလတုန်းကလည်း စစ်တပ်ရဲ့ အဲဒီလိုလုပ်ရပ်တွေကြောင့်ပဲ နှစ်ဖက်တင်းမာမှုတွေ မြင့်ကာ အပြန်အလှန် ဖမ်းဆီးမှုတွေကနေတဆင့် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာလို့ ခိုင်သုခက ထောက်ပြပြောဆိုပါတယ်။
 
စစ်ကောင်စီတပ်နဲ့ AA တို့ အပစ်ရပ်ခဲ့စဉ်က ရခိုင်ပြည်တွင်း ကုန်စည်၊ ဆေးဝါး သယ်ယူမှုတွေကို လွတ်လွတ်လပ်လပ် ခွင့်ပြုဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ ထပ်ပြီး ဖမ်းဆီးတာတွေ မလုပ်ကြဖို့ နှစ်ဖက် သဘောတူထားခဲ့ကြတာပါ။
 
ဒါပေမယ့် လက်တွေ့မှာတော့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲကာလတုန်းက ဖမ်းဆီးထားသူတွေကို အပြည့်အ၀ ပြန်မလွှတ်ပေးသေးသလို ထပ်မံဖမ်းဆီးအရေးယူထားသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောထားကြပါတယ်။
 
​လက်ရှိအချိန်အထိ စစ်ကောင်စီလက်အောက်ခံ အချုပ်၊ ထောင်တွေမှာ AA နဲ့ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီး၊ တရားရင်ဆိုင်နေရသူပေါင်း တရာဝန်းကျင်လောက် ကျန်နေသေးတယ်လို့ စာရင်းပြုစုထားတဲ့ ဒေသတွင်း အရပ်ဖက်အဖွဲ့တွေက ဆိုပါတယ်။
 
“ မလွှတ်တဲ့အပြင် ထပ်ဖမ်းတာတွေ လုပ်နေတာကတော့ အပစ်ရပ်ထားတာကို ထိခိုက်နိုင်တယ်၊ စစ်ကောင်စီ အနေနဲ့ အပစ်ရပ် ကတိတွေကို လိုက်နာဖို့ လိုတယ် ” လို့ ရခိုင်ဒေသတွင်း အရပ်ဖက်အဖွဲ့တခုရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ဒါ့အပြင် ပြည်မဘက်ကနေ ရခိုင်ပြည်နယ်ထဲ ဝင်လာတဲ့ ကုန်စည်၊ ဆေးဝါးတွေကို ကန့်သတ်၊ တားမြစ်တာ၊ ဒေသတွင်း ရိက္ခာ၊ ဆေးဝါးတွေ သယ်ယူခွင့် ကန့်သတ်တာ၊ အရပ်သားပြည်သူတွေရဲ့ သွားလာမှုတွေကို တင်းကျပ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ မှတ်ပုံတင်မပါရင် မသွားရတဲ့ အခြေအနေလောက်ထိတောင် စစ်ဆေးရေးတင်းကျပ်လာတယ်၊ တချို့ဒေသတွေမှာဆိုရင် ဆန်တို့ဘာတို့ကိုတောင် အကန့်အသတ်နဲ့ပဲ ဝယ်နေကြရတယ် ” လို့ မောင်တောဒေသခံတဦးက စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးတင်းကျပ်မှုတွေအကြောင်း ပြောပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်ကတော့ အရေးပေါ်ဆေးကုသသမှု ခံယူဖို့ညတွင်းချင်း ဆေးရုံသွားပြတဲ့ စစ်တွေမြို့နယ် ကြွီတဲ (ပိုက်ဆိပ်ကြီး)ရွာက မီးဖွားခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးဟာ စစ်တွေမြို့အနီးက ကျောက်တန်းကြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အချိန်အကြာကြီး စစ်ဆေးခံနေခဲ့ရလို့ သေဆုံးခဲ့ရပါတယ်။
 
အဲ့ဒီလိုဖြစ်စဉ်တွေဟာ စစ်ကောင်စီတပ်က ရခိုင်ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ လူသတ်မှုကျူးလွန်တာ ဖြစ်တယ်လို့ ဦးခိုင်သုခက ဝေဖန်ပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် ဖမ်းဆီးမှု၊ ခရီးသွားလာခွင့်၊ ကုန်စည်၊ ဆေးဝါးသယ်ယူခွင့် ကန့်သတ်မှု တို့အပြင် လက်နက်၊ ရိက္ခာ၊ စစ်အင်အားဖြည့်တင်းတာ၊ လက်နက်စမ်းသပ်ပစ်ခတ်တာတွေကိုလည်း ဆက်တိုက်လုပ်လာနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
 
တိုက်ပွဲမရှိတဲ့ ရခိုင်ပြည်နယ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ် စမ်းသပ်ပစ်ခတ်တယ်ဆိုတာဟာ ဒေသခံပြည်သူတွေအပေါ် ခြိမ်းခြောက်တဲ့သဘော ဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။ အဲဒီလုပ်ရပ်တွေနဲ့ ပတ်သက်လို့ သေသေချာချာစောင့်ကြည့်နေတာ ရှိတယ်လို့လည်း သူက ဆိုပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်တာတွေ မရှိသေးပေမယ့် AA ဟာ သူ့ရဲ့မဟာမိတ်တပ်တွေနဲ့အတူ ရှမ်းမြောက်ထိုးစစ်မှာ ပါဝင်တိုက်ခိုက်နေသလို ကချင်ပြည်နယ်အတွင်းမှာလည်း KIA တပ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားနေပါတယ်။
 
KIA ဌာနချုပ် လိုင်ဇာမြို့မှာရှိတဲ့ ရခိုင့်တပ်တော် စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုးတွေ ရှိနေပြီး AA တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိတယ်လို့လည်း ခိုင်သုခက ထုတ်ပြောထားပါတယ်။
 
ဒေသတွင်းမှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်လာတာ၊ AA က ရှမ်းမြောက်နဲ့ ကချင်ဒေသ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတာ စတဲ့အခြေအနေတွေကြောင့် ရခိုင်ပြည်နယ်မှာလည်း တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ရခိုင်ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
 
ဓာတ်ပုံ – DMG