MOGE ကို အမေရိကန်က ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူ

နိုဝင်ဘာ၊ ၁
 
အာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အဓိကရှာပေးနေတဲ့ မြန်မာရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်နိုင်ငံက ပထမဆုံးအကြိမ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
 
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချူပ်ရေးရုံး (OFAC) က မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အကန့်အသတ်နဲ့ ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်တာပါ။
 
အာဏာသိမ်းစစ်ကောင်စီကို အဖွဲ့ဝင်၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂ (EU) က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ MOGE ကို အရေးယူပြီး အမေရိကန်ပြည်ထောင်စုကလည်း အခုလို အရေးယူဖို့ ထုတ်ပြန်လိုက်တာပါ။
 
ဒါပေမယ့် အမေရိကန်ရဲ့ အရေးယူမူဟာ MOGE ရဲ့ ငွေကြေးလည်ပတ်မှုအားလုံး ရပ်တန့်သွားတဲ့ အဆင့်မျိုးတော့ မဟုတ်ဘဲ ချေးငွေ၊ အာမခံ၊ ဘဏ်စာရင်းဖွင့်လှစ်မှု၊ ရင်းနှီးမြုပ်နှံမှု စတဲ့ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို တခုချင်း အရေးယူထားတာပါ။
 
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွကို တာဝန်ယူ၊ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာ လက်တွဲဖော်တွေနဲ့ ပူးပေါင်းပြီး အရေးယူမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါသေးတယ်။
 
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money) အဖွဲ့ရဲ့ အဆိုအရ အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍကနေ ဒေါ်လာ ၂ ဒဿမ ၂၅ ဘီလီယံ ဝင်ငွေရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေသော ရတနာစီမံကိန်း တခုတည်းက ပင် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံရှိတယ်လို့လည်း သိရပါတယ်။
 
အလားတူပဲ အမေရိကန်၊ ဗြိတိန် နဲ့ ကနေဒါ နိုင်ငံတွေက မြန်မာစစ်တပ်ကို လက်နက်ဝယ်ယူပေးနေတဲ့ ငွေကြေးဝန်ဆောင်မှု ကူညီပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကိုလည်း အရေးယူ ပိတ်ဆို့မှု အသစ်တွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
 
မြန်မာစစ်တပ်နဲ့ ပက်သက်နေတဲ့ လူပုဂ္ဂိုလ် ငါးဦးနဲ့ အဖွဲ့အစည်း တခုကို ပစ်မှတ်ထားပြီး ဗြိတိန် နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေက စီးပွားရေးအရ ပူးပေါင်းချိတ်ဆက် လုပ်ဆောင်တာ၊ ရင်းနှီးမြုပ်နှံတာ၊ ငွေကြေးဝန်ဆောင်မှုတွေ ကူညီထောက်ပံ့တာတွေ အားလုံး တားမြစ်သွားမှာ ဖြစ်ပါတယ်။
 
အဲဒီစာရင်းထဲမှာ ပါဝင်သူတွေက Dynasty International ကုမ္ပဏီရဲ့ အရောင်းနဲ့ ထောက်ပံ့ရေးဌာန အကြီးအကဲ မျိုးသစ္စာ၊ Htoo Group ရဲ့ ထူးထက်တေဇ နဲ့ ပြည့်ဖြိုးတေဇ၊ Sky Aviator ကုမ္ပဏီလီမိတက်ရဲ့ ဒါရိုက်တာ ကျော်မင်းဦး၊ Yatanarpon Aviation Services ရဲ့ ဒါရိုက်တာ စစ်တိုင်းအောင် တို့အပြင် International Group of Enterpreneur Services ကုမ္ပဏီတို့ ဖြစ်ပါတယ်။
 
ကနေဒါကလည်း မြန်မာ စစ်တပ်နဲ့ အဆက်အစပ်ရှိတဲ့ လူပုဂ္ဂိုလ် ၃၉ ဦး နဲ့အဖွဲ့အစည်း ၂၂ ခုကို အရေးယူ ပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမယ့် MOGE ကို အမေရိကန်နည်းတူ အရေးယူတာမျိုး ဗြိတိန်နဲ့ ကနေဒါက ဖော်ပြထားတာတော့ မတွေ့ရပါဘူး။
 
ဇွန်လတုန်းကလည်း အမေရိကန်ဟာ စစ်တပ်အတွက် လေယာဉ်ဆီနဲ့ စစ်လက်နက်တွေ ဝယ်ယူပေးနေတဲ့ ဘဏ်နှစ်ခု အပါအဝင် ဆက်စပ်သူတွေကို အရေးယူ ပိတ်ဆို့ခဲ့ဖူးပါတယ်။ မြန်မာစစ်တပ်က အနောက်နိုင်ငံတွေရဲ့ အရေးယူမူတွေဟာ သူတို့အပေါ် အကြီးအကျယ် ထိခိုက်နစ်နာအောင် မစွမ်းဆောင်နိုင်ဘူးလို့ ပြောကြားထားပါတယ်။
 
ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ အနောက်နိုင်ငံတွေဟာ ဒေါ်လာကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ စွပ်စွဲပြောဆိုဖူးပါတယ်။ 
 
ဓာတ်ပုံ – Social Media