စစ်ကောင်စီ ခလရတပ်ရင်း (၁၄၃) တပ်ရင်းတခုလုံး ညီနောင်မဟာမိတ် သုံးဖွဲ့ဆီ လက်နက်ချအလင်းဝင်၊ ၁၀၂၇ စစ်ဆင်ရေး ငါးရက်တာကာလအတွင်း လက်နက်ချအလင်းဝင်သူ အယောက် ၁၀၀ ကျော်ရှိပြီ

နိုဝင်ဘာ၊ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်တောင်ပိုင်း၊ ကံမိုင်းဒေသမှ အခြေစိုက်တဲ့ စစ်ကောင်စီ ခလရ တပ်ရင်း (၁၄၃) က စစ်ကောင်စီတပ်သား ၄၁ ယောက်လုံး ညီနောင်သုံးဖွဲ့ ထံကို လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA) ဒီကနေ့ နိုဝင်ဘာ ၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
လက်နက်ချအလင်းဝင်လာတဲ့ ခလရ (၁၄၃) က စစ်ကောင်စီတပ်သား ၄၁ ယောက်ထဲမှာ ဒုတပ်ရင်းမှူး တဦးနဲ့ တပ်ခွဲမှူး ၂ ဦးတို့ ပါဝင်ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ဆင်ရေးအောင်မြင်မှုတွေကို ဖော်ဆောင်နိုင်ခဲ့သလို ကံမိုင်းဒေသတွင်း အခြေချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာလည်း တပ်စခန်းမှာပဲ ခိုအောင်းပြီး စစ်ကူတွေ စောင့်ဆိုင်းနေတာဖြစ်ပြီး ခလရ (၁၄၃) ကတော့ လက်နက်ချအလင်းဝင်ဖို့ အောက်တိုဘာ ၂၈ ကစပြီး တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၄၁ ဦးကို တဦးလျှင် လမ်းစရိတ် ၁၅ သိန်းနဲ့ ငွေကျပ်သိန်းပေါင်း ၇၀၀ ကျော်ပေးအပ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သလို စစ်သုံ့ပန်းမူဝါဒတွေကို လိုက်နာခဲ့တယ်လို့လည်း MNDAA က ပြောဆိုထုတ်ပြန်ပါတယ်။
ဒါ့အပြင် ညီနောင်မဟာ မိတ်သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစပြီး အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဘေးကင်းရာမှာ နေရာချထားပေးပြီးဖြစ်သလို စစ်ဆင်ရေးကာလအတွင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား အယောက် ၁၀၀ ကျော်ရှိပြီဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ငါးရက်မြောက်ရှိလာတဲ့ လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်မြို့ နဲ့ လားရှိုး-မူဆယ် ကားလမ်းပေါ်က သိန္နီမြို့တို့ကိုလည်း မဟာမိတ်တပ်တွေက ထိန်းချုပ်ထားနိုင်နေပါတယ်။