သိန္နီမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ရေနဲ့ လျှပ်စစ်မီး ပြတ်လပ်မှုဖြစ်နေ

အောက်တိုဘာ၊ ၃၁

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ  မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အောက်တိုဘာလ ၃၁ရက်ဒီကနေ့ အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ရေနဲ့လျှပ်စစ်မီး ပြတ်လပ်မှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

” ရေကတော့နှစ်ရက်လောက်ရှိပြီ။ ညကမိုးရွာထားတော့ တချို့ဆို မိုးရေခံသောက်တယ်  ။ရေတွင်းရှိရင်တော့ရေစိမ်းခပ်သောက်ကြတာပေါ့” လို့ သိန္နီဒေသခံတဦးက ပြောပါတယ်။

ရေတွင်းရှိတဲ့အိမ်တွေမှာတော့ အဆင်ပြေနေတယ်ဆိုပေမယ့် ရေတွင်းမရှိတဲ့အိမ်တွေမှာတော့ အခက်ခဲရှိနေပြီး လက်ရှိမှာတော့ သိန္နီမြို့၊ အနှိုင်းမဲ့ကုသိုလ်ပရဟိတရုံးမှာ ရေတွေကို အခမဲ့ဝေပေးနေတယ်လို့လည်းဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ညီနောင်သုံးဖွဲ့ရဲ့ အောက်တိုဘာလ ၂၇ ရက်မှာစစ်ဆင်ရေး ၁၀၂ရစတင်ပြီး  စစ်ကောင်စီတပ်တို့ သိန္နီမြို့ မှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နောက်တရက်မှာပဲမီးပျက်သွား တယ်လို့လည်း သိရပါတယ်။

“မီးကတော့ အဲ့ စစ်စစဖြစ်တဲ့နေ့မှာ နောက်တရက်မှာပဲမီးကအကုန်ပြတ်သွားတယ်”လို့ အဲဒီဒေသခံကပြောပါတယ်။

အခုလိုမီးဖျက်ခံထားရတာဟာ သိန္နီဓာတ်အားခွဲရုံကို ကိုးကန့်(MNDAA)ဘက်က ဖောက် ခွဲလိုက်တာလို့တချို့သောဒေသခံတွေကပြောနေပေမဲ့ DNA သတင်းဌာနအနေနဲ့ လတ်တလောမှာ အတည်မပြုနိုင်သေးပါဘူး။

“အတိအကျတော့မသိပေမယ့် ကိုးကန့်ကပဲထင်တယ်။ မြို့ထဲမှာ ဗမာစစ်သားမရှိတော့ဘူးလေ”လို့ နောက်ထပ် ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ  ဘုန်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ဖို့ရောက်နေကြတဲ့ဒေသခံတွေကတော့ တယောက်ကို ပိုက်ဆံနှစ်ရာ၊ငါးရာကျပ် စသဖြင့် စုပြီးတော့ ဆီဝယ်ယူကာ မီးစက်နှိုးပြီး သုံးစွဲနေကြရတယ်လို့သိရပါတယ်။

ဒါပေမယ့် ဓါတ်ဆီဆိုင်တွေကလည်း လက်ရှိဆိုင်မှာကျန်နေသေးတဲ့ဆီတွေကိုသာရောင်းချပေးကြရပြီး သိန္နီမြို့အဝင်တံတားကိုလည်း ညီနောင်သုံးဖွဲ့ဖက်က ဖျက်ဆီးထားတာကြောင့် လက်ကျန်မရှိတော့ဘူးဆိုရင်တော့ အခက်ခဲရှိနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒေသခံလူမှုကူညီရေးအသင်းတွေအဆိုအရ သိန္နီမြို့မှာ စစ်ရှောင်ငါးထောင်ကျော်ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် စားရေးသောက်ရေးမှာလည်း သိန္နီဟာ ဆန်ထွက်ရာဒေသဖြစ်တာကြောင့် ဆန်အတွက်မပူပန်ရဘူးဆိုပေမယ့် ကျန်တဲ့အခြေခံစားသောက်ကုန်တွေက မရရှိတော့မှာကိုတော့စိုးရိမ်မှုရှိတယ်လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

“စားရေးသောက်ရေးကတော့ အခုလောလောဆယ် ဆိုင်တွေက တံခါးတခြမ်းဖွင့်ပြီးတော့မှ ကိုယ့်အချင်းချင်းတွေကို ရောင်းပေးနေတယ်။ အခုလောလောဆယ်အဆင်ပြေနေသေးတယ်။ ဒါပေမယ့် ခုကတံတားကလည်းကျိုးသွားပြီဆိုတော့ နောက်ထပ်အသစ်မလာနိုင်တော့ဘူးဆိုတော့ နှစ်ပတ်အတောတွင်းမှာ အစာရေစာပြတ်လပ်နိုင်တယ် ” လို့ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ အောက်တိုဘာလ ၃၀ ရက် မနေ့က မူဆယ်၊နမ့်ခမ်း၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်၊ကွမ်လုံစတဲ့ နယ်စပ်မြို့တွေဘက်ကို သွားတဲ့ အဓိကကျတဲ့ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းပေါ်က က သိန္နိမြို့အဝင် နမ္မတူမြစ်ကူးတံတာကိုး မိုင်းခွဲဖျက်ဆီးထားတာပါ။

ဒါ့အပြင် အင်တာလိုင်း၊ဖုန်းလိုင်းတွေလည်းဖြတ်တောက်ခံထားရပြီး ဒီကနေ့မှ မိုင်တဲ ဖုန်း တခုတည်းသာ အနည်းငယ်ပြန်လည်အသုံးပြုလို့ရနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာတော့ ညီနောင်သုံးဖွဲ့ဘက်က သိန္နီမြို့တွင်းကို မနေ့ကတည်းကထိန်းချုပ်ထားနိုင်ခဲ့ပြီး ရဲစခန်း၊တရားရုံးနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရုံးတွေကိုတော့ မီးရှို့လိုက်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ညနေပိုင်း ၃နာရီဝန်းကျင်မှာလည်း သိန္နီနဲ့ လားရှိုးကြားက ကောင်းဟော်ရွာနားတဝိုက်မှာ စစ်ကောင်စီ တပ်တွေနဲ့  ညီနောင်သုံးဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကစစ်အင်အားတွေဖြည့်တင်းကာ လေယာဉ်တွေနဲ့ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီအပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၁၆ တပ် နဲ့ မျက်စောင်းထိုးမှာရှိတဲ့ ကျောင်းခမ်းဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင် နှစ်ဦးဦးထိမိပြီးတော့ တဦးသေပြီး တဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

ဒါ့အပြင့် အဲ့ဒီလက်နက်ကြီးကို ကိုးကန့်ဘက်ကစစ်ကောင်စီတပ်ဘက်ကို ပစ်ရာကနေ ဘုန်းကြီးကျောင်းထဲကို ကျလာတဲ့လက်နက်ကြီးကြောင့်လို့ဒေသခံတွေက ယူဆနေကြပါတယ်။

“ကျမအထင်တော့ ကိုးကန့်ဖြစ်မယ် ဘာလို့ဆို ကျောင်းရှေ့က စစ်တပ်ရှိတယ် ပြီးတော့ တခါတလေ အဲ့စစ်သားတွေက ကျောင်းပတ်ပတ်လည်တွေကျောင်းထဲတွေ လာနေကြတယ်”လို့ အဲဒီဒေသခံအမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လယ်၁၁နာရီလောက်မှာလည်း သိန္နီမြို့ထဲက စစ်ဘေးရှောင်တွေရှိနေတဲ့ ရွှေမြင်သာ ဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး နှစ်လုံးကျပေမယ့် ပေါက်ကွဲမှုတော့ မဖြစ်သွားဘူးလို့သိရပါတယ်။

PSLF/TNLA ရဲ့ပြန်ကြားရေးကတော့ စစ်ဆင်ရေး၁၀၂၇ အဖြစ် တအာင်းပြည်နယ်၊  တပ်မဟာ(၄)စစ်ဒေသ လားရှိုး နဲ့ သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီရဲ့ မိုင်းပါးတပ်စခန်းကို အောက်တိုဘာ ၃၀ ရက်၊ညပိုင်းမှာ တအာင်းတပ်မတော် PSLF/TNLA မှ အနီးကပ် ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

 မိုင်းပါးတပ်စခန်းအတွင်း အခြေချနေထိုင်တဲ့ စစ်ကောင်စီတပ်က ညသန်းခေါင်ကျော်ချိန်မှာ စခန်းလုံးကျွတ် ထွက်ပြေးသွားခဲ့ကြောင်းနဲ့ ဒီကနေ့ မနက်ပိုင်း ၄ နာရီခန့်မှာ  တအာင်းတပ်မတော် PSLF/TNLA က သွားရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်းကို ဒီကနေ့ ညနေပိုင်းမှာ ရေးသားထုတ်ပြန်ထားပါသေးတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေစစ်ဆင်ရေးငါးရက်အတွင်း ချင်းရွှေဟော်မြို့နဲ့ သိန္နီမြို့တွေကိုထိန်းချုပ်ထားနိုင်သလို စခန်းပေါင်းကိုးဆယ်နီးပါး၊ တင့်ကားလေးစီးခန့်နဲ့ သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိထားတယ်လို့ထုတ်ပြန်ထားပါတယ်။