ကျောက်ကြီးနဲ့ နတ်သံကွင်းမှာ ပြည်သူ့အုပ်ချုပ်ရေး စတင်တော့မယ်လို့ KNUပြော

အောက်တိုဘာ၊ ၃၁

ပဲခူးတိုင်းကျောက်ကြီးနဲ့ နတ်သံကွင်းမြို့တို့မှာ KNU ရဲ့ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင်အကောင် အထည်ဖော် တော့ မှာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းတွေရပ်တန့်ကြဖို့၊ဒေသတွင်းကထွက်ခွာဖို့ ကရင်အမျိုးသားအစည်းအရုံး KNUကမနေ့ကထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးမှာ ပူးပေါင်းပါဝင်နေကြတဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရဲ၊ မီးသတ်၊ အုပ်ချုပ်ရေးမှူး၊ စာရင်းစစ် အစရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရားတွေမှာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့လုပ်ငန်းတွေရပ်စဲကြဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိအဲ့ဒီဒေသတွင်းမှာ စစ်ကောင်စီရဲ့ ယန္တရားတွေအတွင်း တာဝန်ထမ်း ဆောင်နေသူတွေ၊ ပတ်သက်နေ သူတွေ အနေနဲ့ သက်ဆိုင်တဲ့ဒေသတွေဆီ ပြန်သွားကြဖို့လည်း အသိပေးဖော်ပြထားပါတယ်။

အဲ့ဒီအသိပေးချက်တွေကို မလိုက်နာဘဲ ချိုးဖောက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုတာဝန်ယူမှာမဟုတ်ဘူးလို့ KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ကဆိုပါတယ်။

ဒါပေမယ့် ဘယ်နေ့ နောက်ဆုံးထား ထွက်ခွာရမယ်ဆိုတာမျိုးတော့အဲ့ဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပါဘူး။

KNUရဲ့ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေစတင်တော့မှာဖြစ်လို့ ဒေသခံတွေအနေနဲ့ ကျန်းမာရေး၊ပညာရေး၊စီးပွား ရေး၊လူမှု ရေး ဆိုင်ရာ လုပ်ငန်းတွေကို KNU လယ်ဒိုကော်ဆာ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့လည်း အဲ့ဒီအဖွဲ့က မနေ့ကပဲ သီးခြားထုတ်ပြန်ထားတာပါ။

လက်ရှိ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးတွေမှာ ဝန်ထမ်းတွေ ပေါ်ပေါ်ထင်ထင် လုပ်ကိုင် ဆောင်ရွက်နေတာမျိုးမရှိတော့ဘူးလို့ ကျောက်ကြီးမြို့ခံတဦးက ပြောပါတယ်။

“ မရှိတာမဟုတ်ဘူး၊ ရှိနေသေးတယ်၊ ရုံးပိတ်၊ တံခါးပိတ်ပြီး လုပ်နေကြတာပေါ့၊ အခု ဒီစာထွက်လာတော့ ဒီနေ့ဆို တိတ်ဆိတ် ခြောက်ကပ်နေတာပဲ” လို့ သူက ဒီကနေ့ပြောပါတယ်။

ဒါ့အပြင်ဒေသတွင်းဌာနဆိုင်ရာရုံးစိုက်ရာ မြို့ပေါ်တွေမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက နေရာအနှံ့အပြားမှာ လုံခြုံ ရေးယူ ထားပြီး လှည့်ကင်းထွက်တာတွေလည်း ရှိနေတယ်လို့သိရပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဌာနဆိုင်ရာလူကြီးပိုင်းတွေက ဘာညွှန်ကြားချက်မှ ပေးတာမရှိသေးဘူးလို့ ကျောက်ကြီး မြို့ နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောပါတယ်။

“ တချို့ကျတော့ ကြောက်နေကြတယ်ပေါ့၊လူကြီးတွေက အခြေအနေနည်းနည်းဆိုးလာရင်တော့ တခုခုစီစဉ်မယ်လို့ ပြောတာပဲ၊ အခုကတော့ ပုံမှန်အတိုင်းပဲ လုပ်ကိုင်နေကြတာပဲ” လို့ အဲ့ဒီဝန်ထမ်းကပြောပါတယ်။

KNU ရဲ့လယ်ဒိုကော်ဆာဌာနကတော့ကျောက်ကြီး၊ နတ်သံကွင်းမြို့နေပြည်သူတွေအနေနဲ့ ထုတ်ပြန်အသိပေးချက်တွေကို လိုက်နာမှုမရှိဘဲ ချိုးဖောက်ကျူးလွန်ရင် KNUက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

“အခုလက်ရှိ ဒီမှာက အခုလူတွေပဲ (စစ်ကောင်စီလက်အောက်ခံဌာန) လုပ်နေကြတာဆိုတော့၊ ဒီဟာတွေ ရှိနေသရွေ့က ကျွန်တော်တို့တော့ သူတို့နဲ့ ပတ်သက်နေရဦးမှာပဲလေ” လို့ KNU ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကျောက်ကြီးမြို့ခံတဦးက သူ့အမြင်ကို ပြောပါတယ်။