ရှမ်းမြောက်မှာ စားသောက်ကုန်တွေ နှစ်ဆကနေ ခြောက်ဆလောက်အထိ စျေးတက်

အောက်တိုဘာ ၊ ၃၁

တိုက်ပွဲတွေကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေကို နှစ်ဆကနေ ခြောက်ဆလောက်အထိ စျေးတင်ရောင်းနေကြတဲ့အတွက် အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မြောက်ပိုင်းညီနောင်အဖွဲ့တွေရဲ့ စစ်ဆင်ရေး၁၀၂၇  ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးကနေ မူဆယ်ဘက်သွားတဲ့ လမ်းကြောင်း၊ လားရှိုးကနေ ချင်းရွှေဟော်၊ လောက်ကိုင်ဘက်သွားတဲ့လမ်းကြောင်းတို့ဟာ လုံးဝနီးပါး ပြတ်တောက်သွားခဲ့တာပါ။

ဒါကြောင့် လမ်းတလျှေက်ရှိ  မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊ လောက်ကိုင်စတဲ့ မြို့တွေမှာ အခြေခံစားကုန်သောက်ကုန် စျေးတွေမြင့်တက်နေတာလို့ ဆိုကြပါတယ်။

“လမ်းခရီးက သွားလို့မရဘူးလေ။ မန္တလေးကနေ လာတာလည်း မရှိသလို ဒီကနေ သွားတာလည်း မရှိဘူးဆိုတော့ အကုန်တက်တာပဲ၊ ရှမ်းမြောက်တခုလုံး တက်နေတယ်”လို့ မူဆယ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။

မူဆယ်မြို့မှာဆိုရင် အရင်ကတသိန်းခွဲဝန်းကျင်သာ ရှိခဲ့တဲ့ ပေါ်ဆန်မွှေးဆန်တအိတ်ကို နှစ်သိန်းခွဲကျော်၊ ရှစ်သောင်းဝန်းကျင်သာ ရှိခဲ့တဲ့ ဆန်ကြမ်းတအိတ်ကို တသိန်းကျော်နဲ့ ၂၅၀ လောက်သာ ပေးခဲ့ရတဲ့ ကြက်ဥတလုံးကို ခြောက်ရာအထိ ပေးဝယ်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ထို့အတူပဲ လောက်ကိုင်မြို့မှာဆိုရင်လည်း အရင်က ယွမ် ငါးရာ(တယွမ်ကို မြန်မာငွေ ၄၅၀ ဝန်းကျင်)လောက်ပေးရတဲ့ ဆန်တအိတ်ကို ယွမ် တထောင်အထိ ပေးနေကြရပြီး အသား၊ ငါးစျေးတွေဆိုရင် ခြောက်ဆလောက်အထိ တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

“ဝက်သားတွေဆို တအားစျေးကတ်တယ်။ သုံးဆယ်သားကို ၁၃ ယွမ်၊ ၁၅ လောက်ပဲ ပေးရတာ၊ အခု ၅၀၊ ၈၀ အဲလောက်တောင် တောင်းကြတယ်။ လောက်ကိုင်မြို့က ပိတ်မိနေတာလေ၊ ဘယ်မှလည်း သွားလို့မရ”လို့ လောက်ကိုင်မြို့ခံတဦးက ပြောပါတယ်။

ကိုးကန့်ဒေသအတွင်း စားသောက်ကုန်တွေ စျေးတင်မရောင်းဖို့ အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပေမယ့် စျေးတင်ရောင်းသူတွေ ရှိနေဆဲဖြစ်တယ်လို့လည်းအဲဒီဒေသခံက ဆိုပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည် ငါးထောင်ဝန်းကျင်လောက်ရှိနေပြီ သိန္နီမြို့မှာဆိုရင်လည်း စားသောက်ကုန်တွေ စျေးစတက်နေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

 “အများကြီးတက်တာတော့ မရှိသေးဘူး”လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

နေ့စဉ်သုံး မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားသောက်ကုန်စျေးတွေ မတက်ရအောင် ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းကြိုးစားနေကြတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

“စျေးတွေတက်မသွားအောင် နည်းမျိုးစုံနဲ့ စိတ်တူ၊ ကိုယ်တူရှိတဲ့လူတွေနဲ့ ဝိုင်းကြိုးစားရမှာပေ့ါ။ စျေးတင်ရောင်းတဲ့လူတွေကတော့ မရောင်းနဲ့ပြောလဲ ရောင်းမှာပဲလေ။ ကျွန်တော်တို့ကတော့ ကြက်ဥတွေစျေးချရောင်းပေးနေပါတယ်”လို့ မူဆယ်မြို့လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

တလုံး ခြောက်ရာဝန်းကျင် ဈေးပေါက်နေတဲ့ ကြက်ဥတွေကို လူမှုကူညီရေးအဖွဲ့က တစ်လုံး လေးရာကျပ်နဲ့ ရောင်းချပေးနေတာလို့ ဆိုပါတယ်။

အဲဒီဒေသတွေဟာ ဆန်နဲ့ အခြေခံစားသောက်ကုန်တွေအတွက် မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်မဲတို့ကို အားကိုးနေခဲ့ကြရတာဖြစ်ပြီး ယခုအခါ လမ်းတလျှောက် တိုက်ပွဲတွေဖြစ်နေတာကြောင့် ကားအသွားအလာ မရှိတော့တာလို့ ဒေသခံတွေက ပြောကြပါတယ်။

ကိုးကန့်တပ်(MNDAA)ကလည်း လားရှိုး – မူဆယ်၊ လားရှိုး – ချင်းရွှေဟော်ပြည်ထောင်စုလမ်းမကို အရေးပေါ်ပိတ်လိုက်ပြီး ဖြတ်သန်းသွားလာခွင့်မပြုဖို့နဲ့ မလိုက်နာရင် ရန်သူ့သယ်ယူပို့ဆောင်ရေးယာဉ်တန်းအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းမယ်လို့ စစ်ဆင်ရေးစတဲ့ အောက်တိုဘာ ၂၇ ရက်မှာ  ထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ငါးရက်ကတည်းက ဖြစ်နေခဲ့တဲ့ ရှမ်းမြောက်တိုက်က်ပွဲတွေကြောင့် တရုတ် – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွေလည်း ရပ်တန့်သွားခဲ့တယ်လို့ ကုန်သွယ်ရေးလုပ်ကိုင်နေသူတွေက ပြောကြပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကို ကြေငြာပြီး ရှမ်းမြောက်မြို့နယ်အားလုံးနီးပါးမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း၊ စစ်ဆေးရေးဂိတ်တွေကို နေ့ရောညပါ ထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

မနေ့က အောက်တိုဘာ ၃၀ ရက်နေ့အထိ ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်းမြို့တို့အပါအဝင် စစ်ကောင်စီလက်အောက်ခံတပ်စခန်းပေါင်း ခုနှစ်ဆယ်နီးပါးကို သိမ်းဆည်းရမိထားပြီလို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။